ဆင်ပေါင်ဝဲ မေ ၁၀
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဆောင်ရွက်လျက်ရှိသော ညံတောအင်းကျေးရွာ လျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ ရောက်ရှိပြီး စိုက်ပျိုးရေပေးဝေဆောင်ရွက်မှု ကြည့်ရှုစစ်ဆေးကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးက စီမံကိန်းလုပ်ငန်းများ လည်ပတ်နေမှုအခြေအနေများနှင့် တောင်သူများအား စိုက်ပျိုးရေဖြန့်ဝေပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ညံတောအင်း ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်းရှိ စိုက်ပျိုးထားသည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများအား စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ စိုက်ပျိုးရေးအသိပညာပေး အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားကာ ဒေသခံတောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညံတောအင်း ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ရောက်ရှိစဥ် ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးက အဆိုပါစီမံကိန်းမှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်က ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိမိတို့ ဒေသအတွင်း သီးနှံများစိုက်ပျိုးရာတွင် တစ်နှစ်ကို သီးနှံသုံးသီး စိုက်ပျိုးနိုင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ သီးနှံစိုက်ပျိုးရာတွင် ဒေသတွင်းလိုအပ်သော မျိုးကောင်းမျိုးသန့်များကို စနစ်တကျရွေးချယ်သုံးစွဲပြီး စိုက်ပျိုးကြစေလိုကြောင်းစသည်ဖြင့် ပြောကြားပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား ဆေးခြင်ထောင်များအခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာရှိ မြစ်ရေတင်စီမံကိန်းဖြင့် စိုက်ပျိုးထားသည့် ကွင်းအမှတ်(၃၈၄)ရှိ တောင်သူ ဦးဝင်းညွှန့်၏ လယ်ယာမြေဧက(၀.၇၈) ဧကသို့ ရောက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိမှ အဆိုပါ နွေစပါးပန်းတိုင်အထွက်နှုန်းထွက်ရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)