မကွေး မေ ၁၀
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မကွေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှအကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်၍ကြည့်ရှုအားပေးသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုအဖွဲ့အစည်းများစုပေါင်း၍ မကွေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၀န်းအတွင်းရှိ မြက်ပင်များ၊ သစ်ပင်ကြီးများနှင့် ချုံနွယ်များအားခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျသိမ်းဆည်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက တာဝန်ရှိသူများနှင့်အတူ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့မကွေးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်နှင့်လျော်ညီစွာ သန့်ရှင်းသာယာလှပရေးသည်အရေးကြီးပါကြောင်း၊ ကျောင်း၀န်းအတွင်းရှိ ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းမြေ့စွာပညာသင်ကြားနိုင်ရေးနှင့် ပျော်ရွှင်စွာပညာသင်ယူခွင်ရရှိနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ အဆောက်အအုံများ ဥပဓိရုပ်ကောင်းမွန်ရေးသည် အလွန်အရေးကြီးပါကြောင်းပြောကြားပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း( ပြန်/ဆက်)