ဒေးဒရဲ မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သည် ဆန်စပါးအားအဓိကစိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်စပါးတင်ပို့ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈) နာရီက ဒေးဒရဲမြို့နယ် ဘုရားကလေးကွင်းကျေးရွာမှ မြိတ်မြို့သို့ ဒေသထွက် ပေါ်ဆန်းမွှေးဆန်နှင့် ဧည့်မထဆန်များ တင်ပို့လျက်ရှိသည့်လုပ်ငန်းများအား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင် ဦးဆောင်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများက ဒေးဒရဲမြို့မှ မြိတ်မြို့သို့ ဆန်တင်ပို့လျက်ရှိသည့် ဘုရားကလေးကွင်းကျေးရွာ အောင်ချမ်းသာဆန်စက်မှ ဒေသထွက် ပေါ်ဆန်းမွှေးဆန်နှင့် ဧည့်မထဆန်အိတ်များ ရေယာဥ်ပေါ်သို့ တင်ဆောင်ထားရှိမှု၊ ရေယာဉ်ကြံ့ခိုင်မှုနှင့် လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ခြင်း၊ ဆန်များသယ်ဆောင်ရာတွင် ကန့်သတ်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းမရှိစေရေးနှင့် တရားဥပဒေနှင့်အညီ ညီညွတ်မှုမရှိသည့် ကိစ္စရပ်များဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း