မင်းဘူး မေ ၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီအချိန်က မင်းဘူး(စကု)မြို့နယ်အတွင်းမှ ၂၀၂၅ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ဒဏ်သင့် စာသင်ကျောင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တိုင်းကျေးလက်လမ်းဦးစီးမှူး ဦးဝင်းမိုးထိုက်၊ တိုင်းဆည်မြောင်းဦးစီးမှူး၊ ဦးဇော်ဝမ်း၊ တိုင်းအိုးအိမ်ညွှန်ကြားရေးမှူး ဦးစိန်ဝင်း၊ တိုင်းလမ်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာစောမြတ်ခိုင်၊ တိုင်းစည်ပင်သာယာရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဒေါ်သင်းသင်းလှိုင်တို့က မင်းဘူးခရိုင် ပညာရေးမှူး ဒေါက်တာရဲညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်မြင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်တို့နှင့် ပန်းဒေါင်း အခြေခံပညာအလယ်တန်းကျောင်းအပါအဝင် စာသင်ကျောင်းများ၏ ထိခိုက်ပျက်စီးမှု အခြေအနေများ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့နောက် မင်းဘူး(စကု)မြို့နယ် ရွာသာယာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ၃၂၅ ဒသမ ၉၆၂ သန်းဖြင့် ပင်းပက်ကုမ္ပဏီမှဆောက်လုပ်သော (၁၄၀×၃၀×၂၄) ပေ၊ RCC (၂) ထပ်ကျောင်းဆောင် ထိခိုက်ပျက်စီးမှုများအား အန္တရာယ်ရှိ မရှိ လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းရုံးခန်းတွင် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)