နတ်မောက် မေ ၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community centre အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဖြင့် ပူးပေါင်း၍ ကလောင်စုံရေးသားသည့် “ လူငယ်နှင့် အောင်မြင်မှုပန်းတိုင်ဆီသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် တစ်ပါးသူအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက် ဒေါ်သင်းသင်းဝေ (ဒုတိယဦးစီးမှူး) က ကလောင်စုံရေးသားသည့် “လူငယ်နှင့် အောင်မြင်မှုပန်းတိုင်ဆီသို့” စာအုပ်ထဲမှ “ အောင်မြင်သော လူငယ်” ခေါင်းစဉ်အား ဆွေးနွေးရာ ဘဝဆိုတာ အသက်ရှင်နေသေးသမျှ ကြိုးစားခွင့်ရှိပါ ကြောင်း၊ ကြိုးစားလိုတဲ့ လုံ့လဝီရိယစိုက်ထုတ်ရန်လိုအပ်ပါကြောင်း၊ ပုံမှန်အလုပ်တွေ လည်ပတ်လို့မရဘဲ ရပ်တန့်ခဲ့မယ်ဆိုရင် အခြေအနေ၊ အချိန်ကာလနဲ့ ကိုက်ညီမယ့်အလုပ်တစ်ခုကို ချက်ချင်းလုပ်လိုက်ဖို့ ဝန်မလေးဖို့ လိုအပ်ပါကြောင်း၊ လူဆိုတာ ဘယ်အရာကမှ ယှဉ်ပြိုင်လို့မရတဲ့စွမ်းအားရှင်များဖြစ်ပါကြောင်း၊မိမိမှာ ခိုအောင်းမှီတွယ်နေတဲ့ ဆင်ခြင်တွေ၊ အကြောင်းပြချက်တွေ၊ ပျင်းရိလေးပင်မှုတွေကို ဖျောက်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ နေ့နေ့ညည၊ စေ့စေ့ငှငှ စီမံခန့်ခွဲပြီး ကြိုးစားကြမယ်ဆိုရင် အောင်မြင်မှုများရရှိမှာဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါစာဖတ်ဝိုင်းသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club ) အဖွဲ့ဝင်များ စုစုပေါင်း (၂၃) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မူမူစန်း