ကျုံပျော် မေ ၉
လယ်ယာမြေပျက်စီးခြင်းမှကာကွယ်၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရန်၊ မြေဆီဩဇာပြည့်ဝ၍ သီးနှံအထွက်နှုန်းကောင်းမွန်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ခုနှစ် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ပွဲကို ကျုံပျော်မြို့မန်းစက္ကူကျေးရွာအုပ်စု တောင်သူဦးမောင်မြင့်၏ လယ်မြေ (၃.၀၀) ဧက/ကွင်း- ၁၀၆၃B /ဦးပိုင်- ၅/၅ ၌ ယမန်နေ့နံနက် ၈ နာရီက ပြုလုပ်သည်။
အခမ်းအနားသို့ ၀န်ကြီးဌာနကိုယ်စားပြုခရိုင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းနောင်၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းညွန့်ဇင်နှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့၀င်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်နှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ပြီး ဦးစွာ တာဝန်ရှိသူတို့က တက်ရောက်လာသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် တောင်သူများထံသို့သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ကြသည်။
ယင်းနောက် တောင်သူဦးမောင်မြင့်၏ လယ်မြေအတွင်းသို့ ပိုက်ဆံလျှော်မျိုးစေ့များအား စုပေါင်းကြဲပက်ပေးခဲ့ကြသည်။ ပိုက်ဆံလျှော်ကိုစိုက်ပျိုး၍ သစ်စိမ်းမြေသြဇာ ပြုလုပ်ခြင်းဖြင့် မြေဆီလွှာပျက်စီးမှုအန္တရာယ်များကို ကျော်လွှားနိုင်ပြီး မိမိစိုက်ပျိုးမည့်သီးနှံအတွက် အကျိုးဖြစ်ထွန်းမှုများ ရရှိမည်ဖြစ်ကြောင်း၊ သက်တမ်းတိုအတွင်း ကြီးထွားနှုန်းမြန်ဆန်၍ နိုထရိုဂျင်များများထုတ်ပေးသည့် ပိုက်ဆံလျှော်ကို သီးနှံများမစိုက်ပျိုးမီ သစ်စိမ်းမြေသြဇာ မြေဖုံးပင်အဖြစ် စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာပျက်စီးမှုကို ကာကွယ်နိုင်ပြီး အကျိုးကျေးဇူးများစွာဖြစ်ထွန်းကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)