မြိတ် မေ ၉
၂၀၂၅ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုသည့် ဟောပြောပွဲကို မေလ (၉) ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မြိတ်ကော်ပိုရေးရှင်း အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမတွင် “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံး သတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့် ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်လွင်က ပလတ်စတစ် အသုံးပြုမှုအကြောင်း၊ ပလတ်စတစ်၏ ဆိုးကျိုးများ၊ လျော့ပါးစေရေးဆောင်ရွက်ရမည့် 5Rs နည်းစနစ်များအကြောင်းနှင့်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူထုအားလုံးပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုက သစ်ပင်များစိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများအကြောင်း ပြောကြားသည်။ ဟောပြောပွဲအပြီးတွင် ဟောပြောပွဲ တက်ရောက်လာကြသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး၍ မြိတ်ကမ်းနားလမ်းတွင် ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး ပညာပေးအစီအစဉ်ဖြင့် စုပေါင်းအမှိုက်ကောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)