လက်ပံတန်း မေ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက်တွင် အင်္ဂလိပ်စာအရေးအသား ကျွမ်းကျင်ပိုင်နိုင်စေရန်၊ ကျောင်းစာမေးပွဲတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးမင်းထွန်းက ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ သင်တန်းများ ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် နိုင်ငံ၏အနာဂတ်လူငယ်များကို ဗလငါးတန်နှင့် ပြည့်ဝစေရန်အတွက် ယခုကဲ့သို့ သင်တန်းများ ဆွေးနွေးပွဲများ ဟောပြောပွဲများကို လစဉ်ဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်းကို ပြောကြားခဲ့သည်။ ထို့နောက် ရွှေရောင်အနာဂတ်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးစောမြင့်က ကျောင်းသားလူငယ်များအား နွေရာသီအားလပ်ရက်တွင် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်နှင့် ကျောင်းပညာရေးအတွက် အထောက်အကူများစွာ ရရှိစေရန်အတွက် အဆိုပါ သင်တန်းကို ပို့ချပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
သင်တန်းကို ရွှေရောင်အနာဂတ်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးစောမြင့်က သင်တန်းနည်းပြအဖြစ် ဆောင်ရွက်၍ အထကကျောင်းများမှ အထက်တန်းအဆင့်ကျောင်းသားကျောင်းသူ(၂၁)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၂)ရက် ဖြစ်ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)