နတ်မောက်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

နတ်မောက် မေ ၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက တက်ရောက်လာကြသည့် အထက်တန်းအဆင့် ကျောင်းသား/သူများအား အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်များအနေဖြင့် ပညာပြည့်ဝနှလုံးလှပြီး ဗလငါးတန်၊ ပညာ့မာန်ဖြင့် အနာဂတ်ပဲ့ကိုင်ရှင်များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ဒေါ်သိမ့်သိမ့်မိုး(ဦးစီးအရာရှိ-တွဲဖက်)က လူငယ်များသည် နိုင်ငံတော်၏ အဖိုးတန်သည့် လူစွမ်းအားအရင်းအမြစ်ဖြစ်သည့်အားလျော်စွာ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် မျက်မှောက်ကာလမှာ ရင်းနှီးမြှပ်နှံခြင်းပြုလုပ်ကြရန် အလွန်အရေးကြီးပြီး အခြေခံကျကြောင်း၊ လူငယ်ဆိုသည်မှာ အလားအလာကောင်းများစွာကို ပိုင်ဆိုင်ထားခြင်းဖြစ်သည့်အတွက် လူမှုပတ်ဝန်းကျင်အတွင်း ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံတော်ကို ကာကွယ်တည်ဆောက်နိုင်မည့် စွမ်းရည်ပြည့်ဝသော လူငယ်များပေါ်ထွန်းလာစေရန်အတွက် လူငယ်များအနေဖြင့် လေ့လာသင်ယူခြင်း၊ နိုင်ငံအကျိုးသယ်ပိုးဆောင်ရွက်နိုင်မည့် လူတော်လူကောင်းများဖြစ်လာစေရန် ကြိုးစားစေချင်ပါကြောင်း ရှင်းလင်းပြောကြားပြီး ကျောင်းသား/သူ လူငယ်များအား ဗဟုသုတဉာဏ်စမ်းမေးခွန်းများ မေးမြန်းကာ ဖြေဆိုနိုင်သည့် လူငယ်များကို  ဆုအဖြစ် ဗလာစာအုပ်နှင့် ဘောပင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း