ထားဝယ် မေ ၈
တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ပြေးခုန်ပစ် (အခုန်+အပစ်) နည်းပြ/ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ယခုသင်တန်းသည် ထူးချွန်ထက် မြက်သော မျိုးဆက်သစ် ပြေးခုန်ပစ်နည်းပြဆရာများ၊ ဒိုင်လူကြီးကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးခြင်းပြီး အားကစားသမားများကို နည်းစနစ်မှန်မှန်နှင့် လေ့ကျင့်ပေးနိုင်ရန်၊ အားကစားသမားတစ်ဦးချင်း၏ စွမ်းဆောင်ရည်ကိုကြည့်ပြီး လေ့ကျင့်ပေးနိုင်ရန် နည်းပြဆရာကောင်း တစ်ဦးမှာရှိရမည့် အရည်အချင်းများ ပြည့်စုံနေရန် စသည့် အချက်အလက်များကို သင်ကြားပေးပြီးဖြစ်ကြောင်း၊ သင်တန်းကို ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် ပြေးခုန်ပစ် အားကစားနည်းစနစ်များ၊ နည်းဥပဒေတွေ သိရှိစေရန် ရည်ရွယ်ပြီး တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ယခုပြေးခုန်ပစ် နည်းပြ/ ဒိုင်သင်တန်းကို တက်ရောက်ကြသော သင်တန်းသားများအနေဖြင့် မိမိတို့ တိုင်းဒေသကြီး/ မြို့နယ်များနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ရေးအတွက် နည်းပြဆရာကောင်းတို့မှာ ရှိအပ်သည့် မွန်မြတ်သော စိတ်ဓာတ်ကောင်းများ၊ ကျင့်ဝတ်များနှင့်အညီ ယခုသင်တန်းက ပို့ချလိုက်သည့် ပြေးခုန်ပစ် နည်းပညာများကို အကျိုးရှိရှိ အသုံးချရန်၊ ပြေးခုန်ပစ် အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နိုင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းမှ ပြေးခုန်ပစ်နည်းပြဆရာ ဦးကျော်ကျော်ဝင်းက သင်ကြားခဲ့မှုနှင့် ပတ်သက်၍ သုံးသပ်တင်ပြပြီး တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက သင်တန်းသား (၂၀) ဦးအား သင်တန်းဆင်းလက်မှတ်ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြေးခုန်ပစ်နည်းပြဆရာအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပေးအပ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက သင်တန်းသားများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)