ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် (၃၈)ကြိမ်မြောက် အသံမစဲပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအထိမ်းအမှတ် ပင့်သံဃာ(၇၅)ပါးကို ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲ လောင်းလှူပူဇော်

ပွင့်ဖြူ မေ ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ၌ တည်ထားကိုးကွယ်တော်မူသည့် အိုးထိန်းတောင် စေတီတော်မြတ်ကြီးရင်ပြင်တော်တွင် ကျင်းပသည့် (၃၈)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအထိမ်းအမှတ် ပင့်သံဃာ(၇၅)ပါးအား ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲ လောင်းလှူပူဇော်ပွဲကို ယမန်နေ့က အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စေတနာအလှူရှင်များနှင့် ဒေသခံပြည်သူများက အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး  ရွာသစ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် ဦးကုမာရ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် စေတနာအလှူရှင်များက ဆရာတော်၊ သံဃာတော်များကို လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား နာယူကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်များနှင့် တက်ရောက် လာကုသူများက ပဋ္ဌာန်းပစ္စယုဒ္ဒေသ(၂၄)ပစ္စည်းကို သံပြိုင်ရွတ်ဆိုပူဇော်ကာ အောင်စည်အောင်မောင်းတီးခတ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထို့နောက် ပဋ္ဌာန်းသိမ်းအောင်ပွဲ အထိမ်းအမှတ် ဘုရားအမှူးပြုသော ပင့်သံဃာတော် အရှင်သူမြတ်(၇၅)ပါးကို စေတနာအလှူရှင်များနှင့် ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲများ လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )