စစ်ကိုင်း မေ ၇
မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ ပျက်စီးခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ (၁၅၁၃)ဦးအား စစ်ကိုင်းပညာရေးတက္ကသိုလ်၌ စခန်းသွင်းသင်ကြားပေးလျက်ရှိကြောင်း စစ်ကိုင်းမြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
စစ်ကိုင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့်ကျောင်းသား(၆၀၆)ဦး၊ ကျောင်းသူ(၉၀၇)ဦး၊ စုစုပေါင်း (၁၅၁၃)ဦးအား စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ သတ်မှတ်ကျောင်း ဆောင်များ၌ နေ့ပိုင်းတွင် စာသင်ချိန်၊ ညပိုင်းတွင် စာကြည့်ချိန်များ သတ်မှတ်၍ စခန်းသွင်းသင်ကြား ပေးလျက်ရှိပြီး ရန်ကုန်တက္ကသိုလ်မှ (၅၃)ဦး၊ ဒဂုံတက္ကသိုလ်မှ (၁)ဦး၊ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ (၁၃)ဦး၊ စစ်ကိုင်းတက္ကသိုလ်မှ (၁၆)ဦး၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်မှ (၇)ဦး၊ စုစုပေါင်း ဆရာ၊ ဆရာမ (၉၀)ဦးတို့က သင်ခန်းစာများကို အနီးကပ်သင်ကြားပို့ချပေးလျက်ရှိသည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ စခန်းသွင်းသင်ကြားပေးလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အေးချမ်းစွာသင်ကြားနိုင်ရေးအတွက် နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း စီစဉ်ဆောင်ရွက်ပေးပြီး ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများကိုလည်း ထောက်ပံ့ပေးလျက်ရှိသည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)