ဒေးဒရဲ မေ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ဥာဏ စွမ်းရည်ပြိုင်ပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် အသိပညာပေးဟောပြောပွဲများနှင့် နွေရာသီအခမဲ့သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများအား အသိပညာပေးဟောပြောခဲ့ပြီး ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ပုံတူပန်းချီပြိုင်ပွဲနှင့် ကဗျာရေးသားနည်းပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးကခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း