လိပ်သို မေ ၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ချစ်စံဝင်း ရေးသားသော “ငွေကိုမိတ်ဆွေလိုဆက်ဆံပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာခြင်း၊ အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ခြင်း၊ ယဉ်ကျေးသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်စိုးစိုးငယ်က “ ကြီးပွားချမ်းသာရန် အလုပ်အရမ်းလုပ်စရာ မလိုပါ” ခေါင်းစဉ်အောက်မှ “လူတိုင်းတွင် အစွမ်းအစများ ရှိကြသော်လည်း မိမိတို့၌ရှိသော အစွမ်းအစများကို အနည်းအကျဉ်းမျှသာလျှင် အသုံးပြုလျက်ရှိကြကြောင်း၊ လူတိုင်းတွင် အသုံးပြုရမှန်းပင် မသိသေးသော စွမ်းရည် သတ္တိအများပြားရှိနေကြောင်း၊ ကြီးပွားချမ်းသာ လိုပါကသင်၏ စွမ်းရည်နှင့်ကျွမ်းကျင်မှုကို ထက်မြက်အောင် လေ့ကျင့်ဖို့ အရေးကြီးကြောင်း၊ ကြီးပွားချမ်းသာရေးတွင် အရည်အချင်း၊ အရည်အသွေးနှင့် ကျွမ်းကျင်မှုတို့သည် အထူးပင် အရေးကြီးကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်းအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
စာရေးဆရာ ချစ်စံဝင်း ရေးသားသော “ငွေကို မိတ်ဆွေလိုဆက်ဆံပါ” စာအုပ်အား ဖတ်ရှုခြင်းဖြင့် ငွေသည် လူသားတို့၏ နေ့စဉ်ဘဝအတွက် လိုအပ်သော ပျော်ရွှင်ကျေနပ်မှုနှင့် လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သောကြောင့် ငွေကို အလဟဿ မပြုလုပ်မိရန် လိုအပ်ကြောင်း သိရသည်။
ခင်လေးနွယ်