ပခုက္ကူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ ကျင်းပ

ပခုက္ကူ မေ ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှဌေးမြင့်က မြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဌာနဆိုင်ရာတာဝန်ရှိသူများထံ ဒေသန္တရစီမံကိန်းတာဝန်များပေးအပ်ခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)