နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာ၌ တစ်နိုင်တစ်ပိုင် ဘုရားပန်းများ စိုက်ပျိုးရောင်းချလျက်ရှိ

နတ်မောက် မေ ၆                                    

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများသည် မြေအောက်ရေပေးသွင်း၍ တစ်နိုင်တစ်ပိုင် ဘုရားပန်းများစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒေသခံတောင်သူများသည် မိရိုးဖလာလယ်ယာလုပ်ငန်းများစိုက်ပျိုးခြင်းအပြင် မိမိတို့၏ ဥယျာဉ်ခြံမြေများ၌ မြေအောက်ရေပေးသွင်း၍ စားဖိုချောင်သုံး ဟင်းသီးဟင်းရွက်များစိုက်ပျိုးကြသည့်အပြင် ဘုရားပန်းများဖြစ်သည့် မေမြို့ပန်း၊ အော်စတာပန်း၊ ဂန္ဓမာပန်း၊ စိန်ရောင်ခြယ်ပန်း၊ နှင်းပန်း၊ နှင်းဆီများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချလျက်ရှိသည်။

ဘုရားပန်းများကို စိုက်ပျိုးရာတွင် မေမြို့ပန်းဥယျာဉ်ခြံမှ ဒေသနှင့်ကိုက်ညီသည့် မျိုးများကို  အချိန်ကာလအလိုက် မှာယူစိုက်ပျိုးကြကြောင်း၊  ပျိုးခြံမှ အိမ်အရောက် ဘုရားပန်းမျိုးတစ်ပင်လျှင် (၁၅)ကျပ် ပေးဝယ်ရကြောင်း၊ ရောက်ရှိလာသည့် ပျိုးပင်များကို ဘောင်ခတ်ထားသည့် ကျင်းထဲသို့ ချစိုက်၍  ရာသီဥတုပေါ်မူတည်၍ ရေပေးသွင်းရကြောင်း၊ သဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ဆိတ်ချေးများထည့်ခြင်းနှင့် ပေါင်းမြက်ရှင်းလင်းရှင်းများ ပြုလုပ်ပေးရကြောင်း၊ လက်ရှိအခြေအနေတွင် ဘုရားများပွင့်လာပြီး ခူးယူရောင်းချရာ တစ်ကြိမ်ရောင်းချပါက ကျပ် (၄၅၀၀၀)ရကြောင်း စိုက်ပျိုးရောင်းချသူ မနွယ်နွယ်က ပြောကြားခဲ့သည်။

မူမူစန်း