English Grammar (အခမဲ့) သင်တန်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်းပွဲကျင်းပ

ရွှေဘို မေ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ‌ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဖွင့်လှစ်သည့် English Grammar (အခမဲ့) သင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်းသားများအနေဖြင့် သင်တန်းတွင် သင်ကြားပေးလိုက်သည့် Grammar အသုံးအနှုန်းများသည် ဘာသာစကားကျွမ်းကျင်မှု တိုးတက်ရေးအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်ကြောင်းနှင့် သင်ကြားလိုက်သောဘာသာရပ်များကို လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်သည်အထိ ကြိုးစားလေ့လာကြရန်လိုကြောင်း ပြောကြားခဲ့ပြီးနောက် သင်တန်းနည်းပြဆရာအား ဂါရဝလက်ဆောင်‌ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို တစ်လကြာသင်ကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်း၌ Grammar အခြေခံများမှစ၍  Speaking and Writing များတွင် မှန်ကန်စွာအသုံးချနိုင်သည်အထိ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)