အမာ နိုဝင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ အမာမြို့၌ မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်နှင့် မြို့အနီးကျေးရွာများရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်စေရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ယမန်နေ့နံနက်(၉)နာရီအချိန်ခန့်က မြို့ပေါ်လမ်းများ တစ်လျှောက် မီးသတ်ကားဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ယခုအချိန်အခါသည် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့် အတွက် ရပ်ကွက်များ၊ ကျေးရွာများအတွင်း တစ်စုံတစ်ဦး၏ ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှုမဖြစ်ပွားစေရန် နေအိမ်များတွင် မီးချိပ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ လှေကား၊ မီးသတ်ဆေးဘူးများ ထားရှိကြရန်၊ မီးဖိုများအားမီးလောင်မလွယ်သောသွပ်ပြား၊ သံပြားများ ၊ အုတ်ခဲ စသည်ဖြင့်ကာထားရန်၊ မီးကိုအသုံးပြုတိုင်းလူစောင့်အမြဲရှိရန်နှင့် မီးကြွင်းမီးကျန်များကို စနစ်တကျ ရေဖြင့်ငြှိမ်းသတ်ရန်၊ မီးဖိုအနီး လောင်စာပစ္စည်းများ မထားရန်၊ သက်ကြီးရွယ်အိုနှင့် ကလေးများ မီးကိုအသုံးပြုခြင်း ကလေးသူငယ်များ မီးနှင့်ဆော့ကစားခြင်းများကို အထူးဂရုပြုတားမြစ်ရန်၊ ဖယောင်းတိုင်၊ အမွှေးတိုင်နှင့် ခြင်ဆေးခွေများ ထွန်းညှိအသုံးပြုပါက မီးလောင်မလွယ်သော ခွက်များဖြင့်အသုံးပြုရန်၊ မိမိတို့နေအိမ်ခြံဝင်းအတွင်းရှိ အမှိုက်များ ရှင်းလင်းထားရန် ၊ လယ်၊ ခြံ ၊ နှမ်းဖုတ်ခြင်းစသည်ဖြင့် မီးရှို့ခြင်းများဆောင်ရွက်လိုပါက မီးသတ်စခန်းသို့ သတင်းပေးပို့ရန်တို့ကို လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အမာမြို့နှင့် အနီးကျေးရွာများအတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မီးသတ်ကားဖြင့် လှည့်လှည် အသိပညာပေး နှိုးဆော်ရခြင်း ဖြစ်ကြောင်းနှင့် အပတ်စဉ်လှည့်လည်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမာမြို့၊ မီးသတ်ဦးစီးဌာနမှ သိရသည်။
နော်လေး(အမာ)