ကသာ မေ ၆
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က အခြေခံကဗျာစပ်နည်းသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခြေခံကဗျာစပ်နည်းသင်တန်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကသာမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဘမောင် (ကိုဘ-ကသာ) နှင့်အဖွဲ့ဝင် ဦးစမ်းဦး (ကမ်းနဖူးကစမ်းဦး) တို့က နည်းပြများအဖြစ် သင်ကြားပို့ချပေးခဲ့သည်။ သင်တန်းတွင် ကဗျာ၏ အဓိပ္ပာယ်၊ ကာရန်၏ အဓိပ္ပာယ်နှင့် တစ်လုံးချင်းကာရန်မှ ငါးလုံးချင်းကာရန်အထိရေးစပ်သီကုံးနည်းများကို စတင်သင်ကြားပို့ချပေးခဲ့သည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံကဗျာရေးစပ်နည်းသင်တန်းကို ကဗျာစာပေရေးဖွဲ့ရန် ဝါသနာပါသော၊ အချိန်ကိုအကျိုးရှိစွာ အသုံးချလိုသော ကျောင်းသားလူငယ်လေးများအတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး မေလ (၅) ရက်နေ့မှ မေလ (၂၅) ရက်နေ့အထိ ရက် (၂၀) ကြာဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ (ကသာ)