ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲနေ့ အခမ်းအနားသို့ တက်ရောက်

ဟားခါး မေ ၆

၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲနေ့ အခမ်းအနားကို မေလ ၅ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၅၁ မိနစ်၊ ၀၂ စက္ကန့်တွင် ပြင်းအား ၇.၇ ရစ် (စ်) တာစကေးအဆင့်ရှိ မန္တလေးငလျင်ကြီးတွင် အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော ပြည်သူလူထုများအား ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် မတ်တပ်ရပ်၍ (၁) မိနစ် ငြိမ်သက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မီးသတ်တပ်ဖွဲ့၏သမိုင်းကို ပြန်ကြည့်ပါက အနော်ရထာမင်းလက်ထက် ခရစ်နှစ် ၁၀၄၄ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၀၀၀ နီးပါးရှိခဲ့ပြီးဖြစ်ကြောင်း၊ ၁၉၄၆ ခုနှစ်၊ မေလ ၅ ရက်၊ တနင်္ဂနေ့၌ ရန်ကုန်မြို့၊ ကန်တော်ကလေးမှာရှိသည့် အမျိုးသမီးကျောင်းတွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် စေတနာ့ဝန်ထမ်း မီးသတ်အစည်းအရုံးညီလာခံကျင်းပသည့်နေ့ကိုအစွဲပြု၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အဖြစ် ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုရင် (၇၉)နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊ နိုင်ငံအလိုက် လူဦးရေတိုးပွားလာမှုနှင့် စက်မှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုများနှင့်အတူ မီးလောင်မှုဖြစ်စဉ်များလည်း များပြားလာသည်ကို တွေ့ရှိရကြောင်း ၊ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ (၁၀) နှစ်တာကာလအတွင်း မီးလောင်မှုအကြိမ် (၁၈၀၀၀) ခန့်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂ မီလီယံကျော်ရှိကြောင်း ၊ မီးဘေးလုံခြုံရေးလုပ်ငန်းသည် ပြီးပြည့်စုံခြင်း မရှိဘဲ ပြည်သူလူထုပူးပေါင်းပါဝင်မှသာ ပိုမိုခိုင်မာအားကောင်းနိုင်မည်ဖြစ်ကြောင်း၊ မီးငြိမ်းသတ်တပ်ဖွဲ့အနေဖြင့် ခေတ်အဆက်ဆက် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုအကျိုးအတွက် အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားမှုများနှင့် အကျိုးပြုနေခြင်းဟာ လေးစားဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း ၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်သည့် ဒေသများသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုများနှင့်အညီ မီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခဲ့ပြီး ၁၂ နာရီအတွင်း အသက်ရှင်လျက် ၃၉၁ ဦး၊ သေဆုံး ၁၄၅ ဦးအားလည်းကောင်း၊ ၃၆ နာရီအတွင်း အသက်ရှင်လျက် ၆၀၄ ဦး ၊ သေဆုံးသူ ၃၄၈ ဦးတို့အား ရှာဖွေအယ်ဆယ်ရွှေ့ထုတ်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်းနှင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်စွန့်စားသွာကြသည့် မီးသတ်တပ်ဖွဲ့ဝင်မျး၏ ဂုဏ်ဒြပ်ကို လေးစားဂုဏ်ယူပြီး မြန်မာပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းများကို စောင့်ရှောက်ကာကွယ်နိုင်သည့် တပ်ဖွဲ့ကြီးအဖြစ် နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည်ကြာအောင် ကြိုးစား တည်ဆောက်သွားကြပါရန်ဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် မီးငြိမ်းသတ်ရေးပြိုင်ပွဲတွင် ဆုရရှိသည့် တပ်ဖွဲ့ဝင်များအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင် က ရှာဖွေကယ်ဆယ်ရေးပြိုင်ပွဲတွင် ဆုရရှိသည့် တပ်ဖွဲ့ဝင်များအားလည်းကောင်း ၊ ချင်းပြည်နယ် မီးသတ်ဦးစီးမှူးက မီးသတ်ကျင့်ဝတ်ဖြေဆိုပြိုင်ပွဲတွင် ဆုရရှိသည့် တပ်ဖွဲ့ဝင်များအားလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ပေးပို့သည့် ( ၇၉ ) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ Video Clip ပြသပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ချင်းပြည်နယ်မီးသတ်တပ်ဖွဲ့က ခင်းကျင်းပြသထားသည့် မီးသတ်ပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသသည်။

ခရိုင် (ပြန်/ဆက်)