စစ်ကိုင်း မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင်ကျောင်းတိုက်ဆရာတော် ဦးဇာဂရထံမှ စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်နိုင်၊ စစ်ကိုင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မြင့်ဟန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ငါးပါသီလခံယူဆောက်တည် ကြပြီး ဆရာတော်၊ သံဃာတော်များထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အလားတူ စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်း၊ စစ်ကိုင်းမြို့ပေါ် ရပ်ကွက်များရှိ အိမ်ထောင်စုများအတွက် သောက်သုံးရေများ သွားရောက်လှူဒါန်းပြီး ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများနှင့် ငလျင်ဘေးသင့်နေအိမ်များအား စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)