စစ်ကိုင်း မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ ငလျင်ဘေးသင့်ပြည်သူများနှင့် ကလေးငယ်များအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရန်အတွက် စိတ်လူမှုဆိုင်ရာ ပံ့ပိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းမြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် လူသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ နေအိမ်များပျက်စီးပြိုလဲခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ အဆိုပါထိခိုက်ခံစားရသည့် ပြည်သူများအား လူမှုဝန်ထမ်းဦးစီး ဌာန(ရုံးချုပ်)၊ ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ စိတ်လူမှုဆိုင်ရာပံ့ပေးပို့ခြင်းဆောင်ရွက်မည့်အဖွဲ့ (Psycho-Social Support Team) (၂)ဖွဲ့ဖြင့် စိတ်လူမှုဆိုင်ရာ ပံ့ပိုးမှုလိုအပ်နေသူများအား တွေ့ဆုံအားပေးပြီး အမျိုးသမီးရှိသော အိမ်ထောင်စုများအတွက် Dignity Kit များနှင့် ကလေးငယ်များရှိသော အိမ်ထောင်စုများအတွက် Child Kit များကို ပေးအပ်ခဲ့ ကြသည်။
အလားတူ ငလျင်ဘေးသင့် ကလေးငယ်များကိုလည်း ပျော်ရွှင်စေသည့် အစီအစဉ်များ (Child Activity)နှင့် Games ကစားနည်းများဖြင့် စုပေါင်းပျော်ရွှင်စွာ ကစားစေပြီး အဆိုပါစိတ်လူမှုဆိုင်ရာပံ့ပေးပို့ခြင်း ဆောင်ရွက်မည့်အဖွဲ့ (Psycho-Social Support Team)များသည် စစ်ကိုင်းမြို့၊ နှစ်(၇၀၀) ဘောလုံးကွင်းရှိ ငလျင်ဘေးသင့် အိမ်ထောင်စု (၂၁၁)စုနှင့် ငလျင်ဘေးကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများနှင့် ကလေးငယ်များအား စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)