မကွေး မေ ၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှဖွင့်လှစ်သည့် တိုင်းအဆင့်ဌာနဆိုင်ရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဗိုလ်မင်းရောင်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဥပဒေအရာရှိများ၊ သင်တန်းသားအရာထမ်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအား သက်ဆိုင်ရာတည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကို သိရှိနားလည်ကျင့်သုံးဆောင်ရွက်နိုင်ရေး၊ ဥပဒေနှင့်ပတ်သက်၍ နိုင်ငံသားအားလုံး လေးစားလိုက်နာရန်အတွက် ယခုကဲ့သို့ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဥပဒေအသိပညာပြန့်ပွားရေးသည် ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်ရေးတို့အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့်အပြင် နိုင်ငံတော်၏ရည်မှန်းချက်၊ အုပ်ချုပ်ရေးယန္တရားများကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အသိပညာ၊ အတတ်ပညာ၊ လုပ်ငန်းစွမ်းဆောင်ရည်၊ ကျွမ်းကျင်မှုများမြင့်မားလာစေရန် အရေးကြီးသကဲ့သို့ ဥပဒေနှင့်အညီ မိမိ၏ လုပ်ငန်းတာဝန်များကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး လိုအပ်ပါကြောင်း၊ ယခုသင်တန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြုစုထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာဥပဒေအကြောင်း သိကောင်းစရာများ၊ နိုင်ငံ့ဝန်ထမ်းများ မဖြစ်မနေသိရှိထားရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ ပြည်ထောင်စုကပြဋ္ဌာန်းထားသည့် ရာဇသတ်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာဥပဒေနှင့် နည်းဥပဒေများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှအကာအကွယ်ပေးသည့် ဥပဒေပြဋ္ဌာန်းချက်များ၊ ကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက်များကို မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများက သင်ကြားပို့ချသွားမည်ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် တက်ရောက်ပေးကြရန် မှာကြားလိုကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချလိုက်သည့် ဥပဒေအသိပညာများကို သိရှိလိုက်နာခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ်ကောင်းများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ ဥပဒေကို လေးစားလိုက်နာတတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာပြီး ဥပဒေစည်းကမ်းများကို ကောင်းစွာလိုက်နာကျင့်သုံးနေထိုင်သည့် လူမှုအဖွဲ့အစည်းဖြစ်ထွန်းရေးကို အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်းအတွက် ထောက်ပံ့ငွေကျပ် (၂၃)သိန်းအား ပေးအပ်ရာ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်က လက်ခံရယူခဲ့သည်။
အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းတွင် တိုင်းအဆင့်ဌာနဆိုင်ရာများမှ အရာထမ်း (၁၁၅)ဦးအား ဥပဒေပညာရပ် သင်ရိုးညွှန်းတမ်းနှင့်အညီ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများက မေလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ (၂)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ