ဒေးဒရဲမြို့နယ်၊ သစ်တောဦးစီးဌာနက မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေး ပျိုးပင်ပေါင်း (၁၅၀၀၀) ကျော် ပျိုးထောင်ထားရှိ

ဒေးဒရဲ မေ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို‌ပြေစေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် လူထုဖြန့်မိုးရာသီ သစ်ပင်စိုက်ပျိုးရန် ပျဥ်းကတိုး၊ မန်ဂျန်ရှား၊ မာလာလူးကား၊ စိန်ပန်းကြီး၊ ခရေ စသည့် ပျိုးပင်ပေါင်း (၁၅၀၀၀) ကျော် ပျိုးထောင်ထားရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် သစ်တောဦးစီးဌာနမှ ရာသီဥတုပူပြင်းလာခြင်း၊ မိုးခေါင်ခြင်းစသော သဘာဝဘေး ဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်သွားနိုင်စေရေး ပြည်သူများအနေဖြင့် နှစ်စဉ်မိုးရာသီတွင် သစ်ပင်များတစ်နိုင်တစ်ပိုင် စိုက်ပျိုးပြုစုထိန်းသိမ်းသွားနိုင်ရေးအတွက် ပျိုးပင်များအား ပြည်သူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် အခြေခံပညာကျောင်းများသို့ အခမဲ့ ဖြန့်ဝေပေးအပ်သွားမည်ဖြစ်ကြောင်း ဒေးဒရဲမြို့နယ်တာဝန်ခံ တောအုပ်ဦးအောင်မျိုး၏ ပြောကြားချက်အရ သိရသည်။

အေဇာလင်း(ပြန်/ဆက်)