မြိတ်မြို့တွင် ပင်လယ်ငါးဖမ်းရေယာဉ် ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း (၁/၂ဝ၂၅) ဖွင့်လှစ်

မြိတ် မေ ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပင်လယ်ငါးဖမ်းရေယာဉ် ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း (၁/၂ဝ၂၅)ကို မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့ နံနက်ပိုင်းက ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးခန်းမတွင် ဖွင့်လှစ်ကြောင်း သိရသည်။

ရေလုပ်သားများ နှစ်စဉ် ငါးဖမ်းရာသီကာလများတွင် နေ့စဉ်နဲ့အမျှ ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးလုပ်ကိုင်ကြပြီး လုပ်ငန်းခွင်အခက်အခဲများနှင့် ရာသီဥတု/ သဘာဝဘေးအန္တရာယ်များ အစဉ်ကြုံတွေ့ရလေ့ရှိသဖြင့် ရေလုပ်သားများ လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုရှိ‌စေရန်နှင့် လုပ်ငန်းခွင်အတွေ့အကြုံ အသိပညာများ ပိုမိုကျွမ်းကျင်မှုရှိစေရန်၊ နိုင်ငံတော်မှ ထုတ်ပြန်ထားတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်း၊ အမိန့်နဲ့ညွှန်ကြားချက်တွေ သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်သည်။

သင်တန်းကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မင်းဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား၍ ပင်လယ်ပြင်တွင် အောင်သူဇော်-၁၁၇ ဝိုင်းချုပ်ငါးဖမ်းရေယာဉ်မှ ငါးဖမ်းဆီးနေစဉ် လင်းပိုင်(၉)ကောင်အား ဖမ်းဆီးရမိသဖြင့် ပြန်လည်လွှတ်ပေးခြင်းအတွက် ပဲ့နင်းနှင့် ရေလုပ်သားများအား ဂုဏ်ပြု မှတ်တမ်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၃၀)ကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေဆိုင်ရာသိကောင်းစရာများ၊ VMS နှင့် ပတ်သက် သည့်ညွှန်ကြားချက်များ၊ ပင်လယ်ငါးဖမ်းရေလုပ်သားများ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုမရှိစေရေး၊ အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရေးနှင့် တာဝန်သိစိတ်ဖြင့် ငါးဖမ်းဆီးခြင်းဆိုင်ရာများ၊ ရှေးဦးပြုစုခြင်းနှင့် မီးဘေးအန္တရာယ်နှင့် မီးငြှိမ်းသတ်ခြင်း စသည့် ဘာသာရပ်များကို နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ ဆွေးနွေးပို့ချခဲ့ကာ သင်တန်းသား ပဲ့နင်းနှင့် ရေလုပ်သား(၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)