ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် နွေစပါး ၇၇၄ ဧက စိုက်ပျိုးပြီးစီး

ငဖဲ မေ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် နွေစပါးစိုက်ပျိုးရန် ၁၂၇၁ ဧက လျာထားခဲ့ရာ ၇၇၄ ဧက စိုက်ပျိုးပြီးစီးပြီး စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ အဆင်ပြေစွာ ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် မန်းချောင်းရေလှောင်တမံဆည်မှ ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍ လက်ဝဲမြောင်းမကြီးနှင့် လက်ယာမြောင်းမကြီးမှ ၁၂၇၁ ဧက လျာထားစိုက်ပျိုးမည့် ကျေးရွာအုပ်စုများရှိ လယ်ယာမြေများသို့ နွေသီးနှံများစိုက်ပျိုးရန် စိုက်ပျိုးရေများဖြန့်ဝေပေးလျက်ရှိရာ မန်းတမံဆည်ရေဖြင့် ရတနာတိုး ၂၆ ဧက၊ အောင်နိုင်တိုး ၅၁ ဧက၊ စာပိုးသာ ၇ ဧက၊ မနောသုခ ၅၂ ဧကနှင့် ဆင်းသုခ ၆၃၈ ဧက စုစုပေါင်း ၇၇၄ ဧက စိုက်ပျိုးပြီးစီးပြီး အထွက်နှုန်းကောင်းသည့် ဆင်းသုခမျိုးများကို အများဆုံးစိုက်ပျိုးကြသည်။

ငဖဲမြို့နယ်အနေဖြင့် နွေသီးနှံများစိုက်ပျိုးရာသီတွင် နွေစပါးထက် နွေနှမ်းကို ပိုမိုစိုက်ပျိုးခဲ့ကြကြောင်း၊ နွေစပါးများစိုက်ပျိုးထုတ်လုပ်ကြရာတွင် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးရေး၊ ပေါင်းမြက်ရှင်းလင်းရေး၊ သွင်းအားစုများထည့်သွင်းမှုမှန်ကန်ရေးနှင့် စိုက်ပျိုးရိတ်သိမ်းရာတွင် စက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုဆောင်ရွက်နိုင်ရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်းနှင့် ကွင်းဝန်ထမ်းများက စိုက်ပျိုးရေးဆိုင်ရာနည်းလမ်းကောင်းများကို တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)