မြိတ်မြို့၌ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

မြိတ် မေ ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ စွမ်းစွမ်းတမံ ကာကွယ်တားဆီး ကူညီဆောင်ရွက်ပေးလျက်ရှိသည့် မီးသတ်စခန်းများနှင့် တပ်ဖွဲ့ဝင်များအား ယမန်နေ့ နံနက်ပိုင်းက မြိတ်ခရိုင် မီးသတ်စခန်းခန်းမတွင် ကျင်းပသည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မတ်လ(၂၈)ရက်နေ့တွင် အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်သေဆုံးသွားသူများနှင့် ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် ဝမ်းနည်းကြောင်း အထိမ်း အမှတ်အဖြစ် မတ်တပ်ရပ်၍ တစ်မိနစ်ငြိမ်သက်ခဲ့ကြသည်။ ထို့နောက် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက (၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထို့နောက် မြိတ်မြို့နယ်အတွင်း မီးဘေးလုံခြုံရေး၊ မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့တွင် အားကြိုးမာန်တက်၊ ရဲဝံ့စွန့်စားစွာ ပါဝင်ကူညီဆောင်ရွက်ခဲ့သည့် အရန်မီးသတ်တပ်ရင်းများ၊ အရန်မီးသတ်စခန်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)