ပုလောမြို့နယ် မီးသတ်ဦးစီးဌာနက (၇၉)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

ပုလော မေ ၆

မေလ ၅ ရက်တွင် ကျရောက်သည့် (၇၉)နှစ်မြောက် မြန်မာ့နိုင်ငံမီးသတ်ဖွဲ့နေ့ အထိမ်းအမှတ် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မီးသတ်ဦးစီးဌာနက ကြီးမှူး၍ ယနေ့နံနက် (၇)နာရီက ပုလောမြို့ ရှေ့ကျောင်းတိုက်စေတီတော်၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်၍ ရေရှားပါးသည့်  ပုလောမြို့ အမှတ်(၁) ရပ်ကွက် သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်ဇင်ထိုက် ဦးဆောင်၍ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ပုလောမြို့ အရှေ့ကျောင်းတိုက်စေတီတော်၌ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ပေါင်းသင်မြက်နှုတ်ခြင်း၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း၊ လူစည်ကားရာ နေရာများတွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ည‌နေပိုင်းတွင် ပုလောမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ်(၂)စီးဖြင့် သောက်သုံးရေရှားပါးသော  ပုလောမြို့ အမှတ်(၂) ရပ်ကွက် မြဝတီလမ်းရှိ အိမ်ခြေ  (၃၅၆)အိမ် အတွက် ရေဂါလံ စုစုပေါင်း ၄၈၀၀ ကို အိမ်တိုင်ရာရောက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမော် (ပုလော)