ကန့်ဘလူ မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ကို ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်သင်ကြားပို့ချခြင်းများကို ဧပြီ ၂၈ ရက်မှစတင်ကာ ဘာသာရပ်အလိုက် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မေ ၄ /၅ /၆ ရက်များတွင် မုံရွာတက္ကသိုလ်မှ ပါမောက္ခ၊ ဆရာ၊ ဆရာမများက Video Conferen- cing ဖြင့် အ.ထ.က(၁) ကန့်ဘလူကျောင်းခန်းမ၌လည်းကောင်း၊ ကိုယ်ပိုင်ကျောင်း များမှ ကျောင်းသား၊ ကျောင်းသူများကို ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက်ရှိ မြို့တော်ခန်းမ၌လည်းကောင်း ဘာသာရပ်အလိုက် အမှတ်ပေးစည်းမျဥ်းနှင့်ကိုက်ညီသော ဖြေဆိုနည်းများကို စနစ်တကျ ဆွေးနွေးပို့ချပေးလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် စခန်းသွင်းလေ့ကျင့်သင်ကြားပေးနေမှု အခြေအနေများနှင့်စပ်လျဥ်း၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းထွန်းကျော်က "ကျွန်တော်တို့မြို့နယ်မှာ စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် အ.ထ.က(၁)ကန့်ဘလူနဲ့ အ.ထ.က(ထန်းကုန်း)တို့မှာ Camp ဖွင့်လှစ်ပြီး ဧပြီ ၂၈ ရက်ကစတင်ကာ သင်ကြားပေးလျက်ရှိပါတယ်။ စားသောက်ရေးတွက် မနက်စာ၊ နေ့လည်စာ၊ ညစာစီစဥ်ပေးပြီး နေစရာအိပ်ဆောင်၊ သောက်ရေ၊ ချိုးရေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို ခုတင် ၁၀၀ ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ စာသင်ချိန်များအနေဖြင့် နေ့စဥ်နံနက် ၈ နာရီမှစတင်ပြီး သင်ကြားရေး (၆)ကြိမ်၊ Revision သဘောမျိုး ပြန်လည်ဆောင်ရွက်ခြင်း ( ၆)ကြိမ်ရှိပါတယ်။ Camp ကို ဧပြီ ၂၈ ရက်မှ စတင်ဖွင့်လှစ်ပြီး စာမေးပွဲဖြေဆိုပြီးသည်အထိ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပါတယ် ” ဟု ပြောသည်။
ယင်းသို့ Camp စခန်းဖွင့်သင်ကြားပေးနေမှုအနေဖြင့် အ.ထ.က(၁)ကန့်ဘလူကျောင်းတွင် ကျောင်းသား ၁၅၉ ဦး၊ ကျောင်းသူ ၁၅၃ ဦး၊ အထက(ထန်းကုန်း)ကျောင်းတွင် ကျောင်းသား ၄ ဦး၊ ကျောင်းသူ ၁၀ ဦးနှင့် ကိုယ်ပိုင်ကျောင်း၊ ဘော်ဒါဆောင်များဖြစ်သည့် ဆု၊ မြင့်မိုရ်၊ ရဲမာန်၊ သူရိန်နန်း၊ ရောင်စဥ်လှိုင်းတို့တွင် ကျောင်းသား ၁၅၆ ဦး၊ ကျောင်းသူ ၂၁၁ ဦးရှိပြီး ကန့်ဘလူမြို့နယ်တွင် ပထမအကြိမ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၈၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့သော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့ဒေသများတွင် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)