ပုလော မေ ၆
မေလ ၅ ရက်တွင်ကျရောက်သည့် (၇၉)နှစ်မြောက် မြန်မာ့နိုင်ငံမီးသတ်ဖွဲ့နေ့အထိမ်းအမှတ် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မီးသတ်ဦးစီးဌာနကကြီးမှူး၍ ယမန်နေ့နံနက် (၇)နာရီက ပုလောမြို့ ရှေ့ကျောင်းတိုက်စေတီတော်၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်၍ ရေရှားပါးသည့် ပုလောမြို့ အမှတ်(၁) ရပ်ကွက် သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်ထိုက်ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပုလောမြို့အရှေ့ကျောင်းတိုက်စေတီတော်၌ အမှိုက်သရိုက်များရှင်းလင်းခြင်း၊ ပေါင်းသင်မြက်နှုတ်ခြင်း၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း၊ လူစည်ကာရာနေရာများတွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ညနေပိုင်းတွင် ပုလောမြို့နယ်မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ်(၂)စီးဖြင့် သောက်သုံးရေရှားပါးသော ပုလောမြို့ အမှတ်(၂) ရပ်ကွက် မြဝတီလမ်းရှိ အိမ်ခြေ (၃၅၆)အိမ်အတွက် ရေဂါလံ စုစုပေါင်း ၄၈၀၀ ကို အိမ်တိုင်ရာရောက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးမော် (ပုလော)