ကျွန်းစုမြို့တွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

ကျွန်းစု မေ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ တက်ရောက်လာသူများက မတ်လ ၂၈ ရက်နေ့တွင် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာ စကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးသွားသူများနှင့် ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ်  တစ်မိနစ်ငြိမ်သက် မတ်တပ်ရပ်ခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းနိုင် က (၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းအား ဖတ်ကြားခဲ့သည်။

ထို့နောက် ဝန်ထမ်းတစ်နှစ်တာအတွင်း အကောင်းဆုံးဆု၊ (၇)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ မီးသတ်ကျင့်ဝတ်ဖြေဆိုသည့် ခရိုင်အရာရှိအဆင့်၊ ခရိုင်အကြပ်အဆင့်၊ မြို့နယ်တပ်သားအဆင့် ဆုရရှိသူများနှင့် တစ်နှစ်တာအိမ်ထောင်သည်လိုင်ခန်း အသန့်ရှင်းဆုံး ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးသန့်က  (၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုချီးမြှင့်‌ငွေ (၁)သိန်း ကျပ်အား ချီးမြှင့်ပေးအပ်ခဲ့ရာ မြို့နယ် မီးသတ်ဦးစီးမှူးက လက်ခံရယူခဲ့သည်။

မီးသတ်တပ်ဖွဲ့နေ့ကို ၁၉၄၆ ခုနှစ်၊ မေလ ၅ ရက်၊ တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့၊ ကန်တော်ကလေး ရှိ အမျိုးသမီးကျောင်း၌ ပထမအကြိမ် စေတနာ့ဝန်ထမ်း မီးသတ်အစည်းအရုံးညီလာခံကို ကျင်းပနိုင်ခဲ့ပြီး အဆိုပါညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ကြောင်း၊ အဲဒီလို မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးညီလာခံကျင်းပခဲ့တဲ့ မေလ ၅ ရက်နေ့ကို အစွဲပြုပြီး “မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့”အဖြစ် ကျင်းပလာခဲ့တာ ယနေ့ဆိုရင် (၇၉)နှစ်တိုင်ခဲ့ပြီ ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ထက်မြင့် (ကျွန်းစု)