မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ်နှင့် မြို့သစ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေး မေ ၅

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ မေလ ၃ ရက်နေ့ နံနက်ပိုင်းက မြို့သစ်မြို့နယ် နတ်ရွာကျေးရွာအနီး ဆင်ရိုးချောင်းနှင့် လေးတိုင်စင်ကျေးရွာအနီး ပေါင်းကူးချောင်းနှင့် မကွေးမြို့နယ် ကျောင်းဆောင်ကျေးရွာအနီး စလေချောင်းပေါ်ရှိ မြေအောက်တမံများ တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မြို့သစ်မြို့နယ် နတ်ရွာကျေးရွာအနီး ဆင်ရိုးချောင်း၊ လေးတိုင်စင်ကျေးရွာအနီး ပေါင်းကူးချောင်းနှင့် မကွေးမြို့နယ် ကျောင်းဆောင်ကျေးရွာအနီး စလေချောင်းပေါ်ရှိ မြေအောက်တမံများ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီး မြေအောက်တမံများ တည်ဆောက်ရေး ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ တည်ဆောက်ရေး ယာယီရှင်းလင်းဆောင်များတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီးညွန်ကြားရေးမှုနှင့် မြေအောက်တမံများ တာဝန်ယူတည်ဆောက်ခဲ့သည့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ထိန်းသိမ်းရေး) တာဝန်ရှိသူတို့က မြေအောက်ရေလှောင်တမံစီမံကိန်းဧရိယာ ရွေးချယ်ဆောင်ရွက်မှု၊ မြေအောက်တမံများဆိုင်ရာများနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်း ဒေသခံများအတွက် အကျိုးများသည့် မြေအောက်တမံ (၇)ခုကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ထိန်းသိမ်းရေး၊ တည်ဆောက်ရေး(၃)နှင့် တည်ဆောက်ရေး(၈)တို့မှ တာဝန်ယူဆောင်ရွက်နေတာဖြစ်ပြီး မြေအောက်တမံများ တည်ဆောက်ပေးခြင်းဖြင့် မိုးရာသီရွာသွန်းသော မိုးရေများ ဝင်ရောက်လာမှုအား စုဆောင်းသိုလှောင်ထားနိုင်ပြီး မြေအောက်တမံများ၏ အထက်၊ အောက်၊ ဘေး၊ ဝဲ၊ ယာ ပတ်ဝန်းကျင်တွင် မြေအောက်ရေမျက်နှာပြင် မြင့်တက်လာသည့်အတွက် တူးဖော်ပြီး ရေတွင်းများ ရေမျက်နှာပြင်မြင့်တက်လာခြင်း၊ မြေအောက်ရေ အစိုဓာတ်ဖြင့် ချောင်းတလျှောက်နှင့် ပတ်ဝန်းကျင်တွင် စားဖိုချောင်သီးနှံများ စိုက်ပျိုးလာနိုင်ခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပြီး အချိန်တိုအတွင်း ချက်ချင်းအကျိုးရှိစေမည့် မြေအောက်တမံများဖြစ်သည့်အတွက် တည်ဆောက်ရေးတာဝန်ရှိသူများအနေဖြင့် သတ်မှတ်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားကြိုးစားဆောင်ရွက်ကြရန်နှင့် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တက်ရောက်လာသည့် ဒေသခံတောင်သူများအား တွေဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ မေးမြန်းကာ ဒေသခံများ၏ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက် တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

တိုင်းဒေသကြီးအတွင်း မိုးခေါင်သည့် ဒေသများရှိ သဲချောင်းများတွင် မိုးရေကို မြေအောက်တမံ (Underground Dam)တည်ဆောက်၍ ရေသိုလှောင်ခြင်းဖြင့် သောက်သုံးရေရှားပါးသည့် အညာဒေသတွင် သောက်သုံးရေရရှိနိုင်ရေးနှင့် မြေအောက်ရေထိန်းသိမ်းနိုင်ရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မကွေးတိုင်းဒေသကြီးအတွင်းတွင် မြေအောက်ရေလှောင်တမံ တည်ဆောက်မည့် ချောင်းအထက်ဘက်တွင် လုံလောက်သော ရေဝေရေလဲဧရိယာရှိမှု၊ မြေအောက်ရေ ထုတ်ယူရရှိရန်အတွက် ရေအောင်းလွှာအတွင်းသို့ ရေစီးဝင်မှုလုံလောက်မှု၊ ချောင်း၏ အလျှောပြေပြစ်မှုရှိခြင်းနှင့် ချောင်းဗြက်ကျယ်ခြင်း၊ ရေအောင်းလွှာမှာ လုံလောက်သောရေကို သိုလှောင်နိုင်သော အထူးရှိမှုနှင့် ရေလုံသော ဖြတ်တားနံရံတည်ဆောက်နိုင်ရန်အတွက် အောက်ခံရေလုံလွှာ အနက်တိမ်၍ မြေအောက်တမံ ဧရိယာကျဉ်းမှုအခြေအနေများအား စူးစမ်းလေ့လာ၍ အချိန်တိုအတွင်း ချက်ချင်းအကျိုးရှိစေမည့် မြေအောက်တမံများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ညီညာ