ထားဝယ် မေ ၆
ယနေ့တွင် ကျရောက်သည့်(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဖိတ်ကြားထားသူများက ငလျင်ကြောင့် ဆုံးပါးသွားသူများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် မတ်တပ်ရပ်၍ တစ်မိနစ်ငြိမ်သက်ကြသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ယနေ့သည် တိုင်းရင်းသားမိဘပြည်သူများ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နှင့်အခြားသော ဘေးအန္တရာယ်အမျိုးမျိုးကနေ ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ်အစဉ်အလာကြီးမားစွာရပ်တည်လာခဲ့သော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ (၇၉) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သော ခေတ်မီနိုင်ငံတော်တစ်ရပ်အဖြစ်ကို ရောက်ရှိအောင် တည်ဆောက်နေသည့်အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ကိုအပြည့်အဝ အောင်မြင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်သိသိ၊ သစ္စာရှိရှိ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊၂၀၂၅ ခုနှစ်၊ မတ်လ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့်အင်အား ပြင်းငလျင်ဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုအများဆုံးဖြစ်ပွားခဲ့သည့် ဒေသများတွင်အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လမ်းညွှန်မှုများနှင့်အညီ မီးသတ်ဦးစီးဌာန၏ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာဒေသအလိုက်မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများကနဦး ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်နှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာ အကူအညီများပေးအပ်နိုင်ရန်နိုင်ငံတကာက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေးအတွက် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ UAE၊ ရုရှား၊ ဘယ်လာရုစ်၊ တူရကီ စသည့်နိုင်ငံများမှ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရေးဆိုင်ရာအဖွဲ့များ၊ ဆေးဘက်ဆိုင်ရာအဖွဲ့များသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ စတင်ရောက်ရှိခဲ့ကြပြီး မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာရှာဖွေကယ်ဆယ်ရေးအဖွဲ့များက မီးသတ်ဦးစီးဌာနအပေါ် ချီးကျူးရသည့်အထိ နိုင်ငံတကာအဆင့်မီ စွမ်းဆောင်နိုင်ခဲ့သောကြောင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ခေတ်စနစ်နှင့်အညီ မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် ကြိုးပမ်းလေ့လာ ဆောင်ရွက်ထားကြရန်လိုအပ်ကြောင်း၊ မီးသတ်သမားများအနေဖြင့် ဘေးဒုက္ခအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေသူတိုင်းကို မိမိ၏ အသက်ခန္ဓာကိုယ်ကိုအရင်းတည်ပြီး ကူညီကယ်တင် ဆောင်ရွက်ရသောကြောင့်ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်စွန့်စားသွားကြသည့်မီးသတ်တပ် ဖွဲ့ဝင်များဂုဏ်ဒြပ်ကို လေးစားဂုဏ်ယူပြီး မြန်မာပြည်သူမျာအသက်အိုးအိမ် ပစ္စည်းများကိုစောင့်ရှောက်ကာကွယ်နိုင်သည့် တပ်ဖွဲ့ကြီးအဖြစ် နောင်နှစ်ပေါင်းများစွာအဓွန့်ရှည်ကြာအောင် ကြိုးစားတည်ဆောက် သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက မီးသတ်တပ်ဖွဲ့နေ့ဂုဏ်ပြုဗီဒီယိုမှတ်တမ်းအား ကြည့်ရှု အားပေးပြီးစံပြထူးချန်ဆု၊ ထူးချွန်ဆု၊ စံပြမီးသတ်စခန်းဆုနှင့် ဝတ်စုံများချီးမြှင့်ကာ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ချက်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)