ကလေး မေ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကလေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ဘာသာရပ်အလိုက်သင်ကြားနေမှုကို ယနေ့နံနက်ပိုင်းက ကလေးတက္ကသိုလ် အစည်းအဝေးခန်းမ၌ ဒေသကွပ်ကဲရေးမှူးနှင့်တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ကလေးတက္ကသိုလ်တွင် ကလေးမြို့နယ်အတွင်းမှ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၄၆၂ ဦးတို့အား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကျော်ဆိုင်က ကျောင်းသား၊ ကျောင်းသူများအား သင်ကြားနေမှုအခြေအနေများကိုကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများအား ဆရာ/ဆရာမများ၏ သင်ကြားမှုအား သေချာစွာလေ့လာမှတ်သား၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို "အခက်အခဲများမှရုန်းထလို့၊ မိမိအရည်အသွေးထုတ်ပြဖို့၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ပြန်လည်ဖြေဆိုကြပါစို့" ဆောင်ပုဒ်နှင့်အညီ အောင်မြင်အောင် ကြိုးစားဖြေဆိုကြရန် မှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ လိုအပ်ချက်တင်ပြမှုများကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒေသကွပ်ကဲရေးမှူး(ကလေး)၊ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကလေးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)