စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မန္တလေးငလျင်ကြီးကြောင့် ပျံလွန်/သေဆုံးခဲ့ကြသည့် သံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်

မုံရွာ မေ ၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ပြည်သူ့အား ကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်သည့် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့နယ် အတွင်းရှိ ပျံလွန်/သေဆုံးခဲ့ကြသည့် သံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာတော်/သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်နှင့် ပြည် သူများမှ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၁)မိနစ်ခန့် မတ်တပ်ရပ်၍ငြိမ်သက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ပျံလွန်/သေဆုံးခဲ့ကြသည့် သံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအတွက် အားပေး စကား လျှောက်ထားပြောကြားသည်။

ယင်းနောက် စစ်ကိုင်းမြို့၊ လေးကျွန်းမြေအုဋ်ကျောင်းဆရာတော်ကြီးထံ မန္တလေး ငလျင်ကြီး ကြောင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ပျံလွန်/သေဆုံးခဲ့ကြသည့် သံဃာတော် ၅၅ ပါး၊ သီလရှင် ၅၂ ပါးနှင့် လူပုဂ္ဂိုလ် ၆၅ ဦး၊ စုစုပေါင်း - ၁၇၂ ဦးတို့အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးတို့က ထောက်ပံ့လှူဒါန်းငွေကျပ် သိန်း ၁၇၂၀ သိန်းအား ပေး အပ်လှူဒါန်းသည်။

ဆက်လက်၍ စစ်ကိုင်းမြို့၊ လေးကျွန်းမြေအုဋ်ကျောင်း ဆရာတော်ကြီးမှ မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ပျံလွန်/သေဆုံးခဲ့ကြသည့် သံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအတွက် အမျှအတန်းပေးဝေခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုက်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ နှစ် ၇၀၀ ပြည်သူ့အားကစားကွင်းအတွင်းရှိ မလေးရှားနိုင်ငံမှ ယာယီ ဆေးကုသရေးစင်တာ၌ ငလျင်ဒဏ်သင့် ရဟန်း/သံဃာ၊ သီလရှင်များနှင့်မြို့နေပြည်သူများအား အခမဲ့ ဆေးကုသပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ကုသ ရေးလုပ်ငန်းများ နှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ပြည်သူ့အား ကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပ ပြုလုပ်သည့် ငလျင်ဘေးသင့်ပြည်သူများအတွက် ရိက္ခာအမယ်(၅)မျိုး ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၁)မိနစ်ခန့် မတ်တပ်ရပ်၍ငြိမ်သက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မန္တလေးငလျင်ကြီး ကြောင့် ငလျင်ဘေးသင့် ရဟန်း/သံဃာ၊သီလရှင်များနှင့် ပြည်သူများအတွက် နိုင်ငံတော်နှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများမှ ထောက်ပံ့လှူဒါန်းပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စစ်ကိုင်းမြို့၊ ဇေယျာရပ်ကွက်ရှိ ငလျင်ဘေးသင့် အိမ်ထောင်စု ၄၈၄ စု၊ လူဦးရေ - ၂၃၃၃ ဦးအတွက် ငွေကျပ်သိန်း - ၇၂၀၅၄၇၀၅ (သိန်းခုနှစ်ရာနှစ်ဆယ် ငါးသောင်းလေးထောင်ခုနှစ်ရာ ငါးကျပ်) တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငပိ အမယ် ၅ မျိုး၊ (၁)လစာအား ငလျင်ဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးတို့က အခမ်းအနားသို့ တက်ရောက် လာကြသည့် ငလျင်ဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးအားပေးစကားများ ပြောကြား ခဲ့ကြသည်။  

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ လူနေအိမ်တိုက်တာများ ပြိုကျ ပျက်စီးခဲ့မှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအား သွားရောက် ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)