မုံရွာ မေ ၄
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကြီးအား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့ နယ် ၂၁ မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုခဲ့ရာ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်၌ အဖြေလွှာများအား စာစစ်လုပ်ငန်းများဆောင်ရွက်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့နယ်အပါအဝင်(၁၃)မြို့နယ် စာစစ်ဌာန ၂၅ ခုမှ ဘာသာစုံဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၈၂၀၂ ဦး၏ တက္ကသိုလ်ဝင်တန်းအဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(အလုံ)တို့တွင် စခန်းသွင်းသင်ကြားနေချိန်ကာလအတွင်း စိတ်အေးချမ်းသာစွာဖြင့် နေထိုင်စားသောက်မှုလုပ်ငန်းများ လိုအပ်ချက်မရှိဘဲ ပြည့်စုံလုံလောက်အောင် တာဝန်ရှိသူများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စခန်းသွင်းသင်ကြားနေချိန်အတွင်း သောက်သုံးရေ၊ လျှပ်စစ်မီးပျက်တောက်မှုမရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးထားမှု၊ အိပ်ဆောင်၊ စားဆောင်၊ စာသင်ဆောင်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် စာမေးပွဲဖြေဆိုနေချိန်ကာလအတွင်း လုံခြုံအေးချမ်းစွာ အောင်မြင်စွာဖြေဆိုနိုင်ရေးတို့အား တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမများမှလည်း သင်ကြားရေးလုပ်ငန်းများကို နာ ၄ နာ စိတ်ဓါတ်အပြည့်ဖြင့် သင်ကြားပေးနေပါတယ်ဟု မြို့နယ်ပညာရေးမှူး၏ ပြောကြားချက်အရ သိရသည်။
ထို့အပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပါစခန်းသွင်းသင်ကြားနေချိန်ကာလအတွင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ငွေကျပ်သိန်း ၁၀၀၀ နှင့် ကျောင်းသား၊ ကျောင်းသူ ၄၅၄ ဦးအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများအား ဧပြီ ၂၈ ရက်န့က ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မုံရွာမြို့နယ်အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စခန်းသွင်းကျောင်းသား၊ ကျောင်းသူ ၁၇၀ ဦးနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(အလုံ)တွင် စခန်းသွင်းကျောင်းသား၊ ကျောင်းသူ ၁၈၄ ဦးရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)