တောင်ငူ မေ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး (၄၄၇)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် စွယ်တော်မြတ်(၂)ဆူအား စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ(၄)နာရီအချိန်က ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပက အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးလွင်က ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေသက အနေကဇာတင်ပွဲနှင့် အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပင့်ဆောင်လာသော စွယ်တော်မြတ် (၁)ဆူ၊ သီရိလင်္ကါနိုင်ငံမှ ပင့်ဆောင်လာသော စွယ်တော်မြတ်(၁)ဆူ လှည့်လည်အပူဇော်ခံရေး၊ ဝင်းခင်းသဘင်နှင့် ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပရေး လမ်းညွှန်အမှာစကား ပြောကြားသည်။ ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင် (ပွဲတော်ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး) ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးဇော်က ပွဲတော်ကျင်းပရေးလုပ်ငန်းစီမံချက်ကို ဖတ်ကြားရှင်းလင်းသည်။
ဆက်လက်၍ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အကြံပေးများနှင့် ဘဏ္ဍာတော်ထိန်းဂေါပကတို့က တစ်ဦးချင်း မိတ်ဆက်စကားပြောကြားပြီး (၄၄၆)ကြိမ်မြောက် ကုသိုလ်ပြု ဆောင်ရွက်ခဲ့သော မှတ်တမ်းနှင့် မြန်မာစာသျှန်ထွန်းရေးဖွဲ့ခဲ့သော သီချင်းဗီဒီယိုကလစ်ကို ပြသ ဖျော်ဖြေသည်။ ထို့နောက် ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌဦးယဥ်ဌေး ( ရွှေဆံတော်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိမ်းဂေါပက)က ပွဲတော်ကျင်းပရေးအတွက် ဆောင်ရွက်ထားမှု အခြေအနေများ၊ ဂေါပကအဖွဲ့ဝင် ဦးကိုကိုနိုင်က ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် သုံးစွဲမှုအခြေအနေအား ခန့်မှန်းတင်သွင်းတင်ပြကြပြီး ပွဲတော်ကျင်းပရေးဦးစီးကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များက ဆောင်ရွက်မည့်လုပ်ငန်းအစီအစဥ်များကို ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးလွင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းသည်။
တောင်ငူမြို့၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ နှစ်စဥ်ကျင်းပမြဲဖြစ်သော (၄၄၇)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဘုရားအနေကဇာတင်ပွဲ၊ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ၊ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် ဘုရားပွဲတော်ကို မေ ၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး စွယ်တော်မြတ် (၂)ဆူ လှည့်လည်ပူဇော်ပွဲကို မေ ၁၁ ရက်နေ့၊ ညနေ(၃)နာရီအချိန်တွင် မြို့တွင်းသို့ ဝင်ခင်းသဘင်ဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ခံ၍ ရွှေဆံတော် စေတီတော်မြတ်ကြီး ရင်ပြင်ပေါ်တွင် လက်ယာရစ်တစ်ပတ်ပတ်ပြီး အနောက်မြောက်ထောင့်ရှိ ဗောဓိညောင်ပင်တွင် ညောင်သွန်းလောင်းပွဲတော်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)