တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လောကမာရ်ဇိန်ဘုရားကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် စုပေါင်းသွေးလှူဒါန်းပွဲ ကြည့်ရှုအားပေး

ထားဝယ် မေ ၄

 တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊  တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် လောကမာရ်ဇိန်ဘုရားကြီးဝင်းအတွင်းစုပေါင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ အမှတ်(၁၂) တပ်မတော်ဆေးရုံ(ခုတင်-၁၀၀)၌ စုပေါင်းသွေးလှူဒါန်းပွဲ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က လောကမာရ်ဇိန်ဘုရားကြီးဝင်းအတွင်း ကိန်းဝပ်စံပ္ပါယ် တော်မူနေသော မဟာမြတ်မုနိဘုရားကြီးအား ပန်း/ရေချမ်း၊ ဆီးမီးများကပ်လှူပူဇော်ပြီး ဘုရားကြီးဝင်း အတွင်း သန့်ရှင်းသန့်ရပ်လှပ‌စေရေးအတွက် တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက ဘုရားပရဝုဏ် အတွင်း၌ ဘုရားပန်း/ရေချမ်းများလဲလှယ်ခြင်းများ၊ ဘုရားရင်ပြင်တော်နှင့်လျှောက်လမ်းများတွင် သန့်ရှင်းရေးပြုလုပ်ခြင်းများ၊ အမှိုက်များလှဲခြင်း၊ အမှိုက်များစနစ်တကျ စွန့်ပစ်ဆောင်ရွက် ပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက်ဘုရားဖူးလာခရီးသွားဧည့်သည်များနှင့်‌ ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်စေရေးအတွက် ဘုရားကြီးဝင်းအတွင်းရှိ ဘုရားကြီး၊ စေတီရင်ပြင်၊ စင်္ကြန်နှင့်လျှောက်လမ်းများ၊ မျက်နှာကျက်နှင့် ပန်းခြံဥယျာဉ်၊ ဘုရားငါးကန်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အမှတ်(၁၂)တပ်မတော်ဆေးရုံ(ခုတင်-၁၀၀)၌ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုဝင်များ၏ စုပေါင်းသွေးလှူဒါန်းနေမှုအား လိုက်လံကြည့်ရှုအားပေးပြီး သွေးလှူဒါန်း နေသူများကို အားဖြည့်ဆေးဝါးများနှင့် အာဟာရဖြည့် အစားစာများကိုပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)