မြို့သစ် မေ ၄
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ နတ်ရွာကျေးရွာအနီး၊ ဆည်ရိုးချောင်းနှင့် လေးတိုင်စင်ကျေးရွာအနီး၊ ပေါင်းကူးချောင်းပေါ်ရှိ မြေအောက်တမံ လုပ်ငန်းများ ရာခိုင်နှုန်းပြည့်ပြီးစီးမှုကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မြို့သစ်မြို့နယ်၊ နတ်ရွာကျေးရွာအနီး၊ ဆည်ရိုးချောင်းနှင့် လေးတိုင်စင်ကျေးရွာအနီး၊ ပေါင်းကူးချောင်းပေါ်ရှိ မြေအောက်တမံများ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီးညွန်ကြားရေးမှုနှင့် မြေအောက်တမံများ တာဝန်ယူတည်ဆောက်ခဲ့သည့် တည်ဆောက်ရေးမှ တာဝန်ရှိသူတို့က မြေအောက် ရေလှောင်တမံ စီမံကိန်းဧရိ ယာရွေးချယ်ဆောင်ရွက်မှုနှင့် ပတ်သက်၍ မြေအောက် ရေလှောင်တမံ တည်ဆောက်မည့် ချောင်းအထက်ဘက်တွင် လုံလောက်သော ရေဝေရေလဲ ဧရိယာရှိမှု၊ မြေအောက်ရေထုတ်ယူရရှိရန်အတွက် ရေအောင်းလွှာအတွင်းသို့ ရေစီးဝင်မှု လုံလောက်မှု အခြေအနေ၊ ရေအောင်းလွှာမှာ လုံလောက်သောရေကို သိုလှောင်နိုင်သော အထူရှိမှုနှင့် ရေလုံသောဖြတ်တားနံရံတည်ဆောက်နိုင်ရန်အတွက် အောက်ခံရေလုံလွှာ အနက်တိမ်၍ မြေအောက်တမံဧရိယာကျဉ်းမှု အခြေအနေများနှင့်ပတ်သက်၍ ဓါတ်ပုံဗီနိုင်းကား ချပ်များဖြင့်ပြသ၍ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့သစ်မြို့နယ်၊ နတ်ရွာကျေးရွာအနီး၊ ဆည်ရိုးချောင်းနှင့် လေးတိုင်စင်ကျေးရွာအနီး၊ ပေါင်းကူးချောင်းပေါ်ရှိ မြေအောက်တမံများ ရာနှုန်းပြည့်တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
တိုင်းဒေသကြီးအတွင်း မိုးခေါင်သည့်ဒေသများရှိ သဲချောင်းများတွင် မိုးရေကို မြေအောက်တမံ (Underground Dam) တည်ဆောက်၍ ရေသိုလှောင်ခြင်းဖြင့် သောက်သုံးရေရှားပါးသည့် အညာဒေသတွင် သောက်သုံးရေရရှိနိုင်ရေးနှင့် မြေအောက်ရေထိန်းသိမ်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် မစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မကွေးတိုင်းဒေသကြီးအတွင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် မြေအောက်တမံများကို စူးစမ်းလေ့လာ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)