မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ သက်ကြီးဘိုးဘွားများအား အာဟာရဒါနကျွေးမွေးခြင်းနှင့်ဂုဏ်ပြုသွေးလှူဒါန်းခြင်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

မကွေး မေ ၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယနေ့ နံနက်ပိုင်းက မေလ(၅)ရက်နေ့တွင် ကျရောက်မည့်(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့တွင် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမျိုးလှိုင် ဦးဆောင်မှုဖြင့်တပ်ဖွဲ့ဝင်မိသားစုများစုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ သက်ကြီးဘိုးဘွားများအား အာဟာရဒါနကျွေးမွေးခြင်းနှင့် တိုင်းပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင်(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဂုဏ်ပြုသွေးလှူဒါန်းခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး သည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုအနေဖြင့် မကွေးမြို့ဖန်ခါးမြေ ဘိုးဘွားရိပ်သာအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင် အင်အား(၁၂၀)ခန့်ဖြင့်ဆောင်ရွက်ခြင်းနှင့် သက်ကြီးဘိုးဘွားများအား အာဟာရဒါနကျွေးမွေးခြင်းများဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ သွားရောက်၍ကြည့်ရှုအားပေးကာ၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာ မုန့်၊ အချိုရည်များနှင့် သောက်ရေသန့်ဘူးများ ဖြန့်ဝေပေးခဲ့ပြီး၊ သက်ကြီးဘိုးဘွားများအား အာဟာရဒါနကျွေးမွေးဆောင်ရွက်နေမှုကိုကြည့်ရှု၍ ဘိုးဘွားများအား အားပေးစကားများပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ရပ်ဖြစ်သည့် မကွေး တိုင်းပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ ဂုဏ်ပြုသွေးလှူဒါန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ၊ သွေးလှူရှင်တပ်ဖွဲ့ဝင်များအား အားဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူအကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးစသည်တို့ လုပ်ဆောင်လျက်ရှိပြီး၊ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် ဘုရား၊ စေတီ၊ ပုထိုးများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ သက်ကြီးဘိုးဘွားများအား အာဟာရဒါနကျွေးမွေးခြင်းနှင့် တိုင်းပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ဂုဏ်ပြုသွေးလှူဒါန်းခြင်းများအပြင်  (၇၉)နှစ်မြောက် မကွေးမြို့ မဟာဝိသုတာရာမ တောင်စာသင်တိုက်ရှိ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် မကွေးမြို့ မဟာအောင်မြေဝိဇယ ပတ္တမြားဘုရားကြီး တည်ထားကိုးကွယ်ရန်အတွက် နဝကမ္မ အလှူငွေ ကျပ်သိန်း (၂၀)ထည့်ဝင် လှူဒါန်းခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မေလ ၅ ရက်နေ့တွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ