ပခုက္ကူမြို့၌ စွန့်ပစ်အမှိုက်များဆိုင်ရာနှင့် သိမှတ်ဖွယ်ရာ ကာတွန်းပဒေသာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

ပခုက္ကူ မတ် ၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေးရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၁ နာရီအချိန်က စွန့်ပစ်အမှိုက်များဆိုင်ရာနှင့် သိမှတ်ဖွယ်ရာကာတွန်း ပဒေသာဆိုင်ရာ အသိပညာပေးနံရံစာစောင်ပြသသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် အမှိုက်များလျော့နည်းစေရေး စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ စနစ်တကျသုံးစွဲရေးနည်းလမ်းများ၊ မီးဖိုချောင်းသုံးစွန့်ပစ်အမှိုက်များ၊ အမှိုက်များစနစ်တကျထားရှိရေးနှင့် စွန့်ပစ်ရေးနည်းလမ်းများ၊ ပလတ်စတစ်အစားထိုး အသုံးပြုရေးနည်းလမ်းများပါဝင်သည့် စွန့်ပစ်အမှိုက်များဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ကျန်းမာရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းအရာများပါဝင်သည့် သိမှတ်ဖွယ်ရာ ကာတွန်းပဒေသာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား စနစ်တကျပြသရာ ပြည်သူများ စိတ်ဝင်စားစွာလေ့လာ ဖတ်ရှုကြကြောင်း သိရသည်။ 

ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၏ နေ့ထူးနေ့မြတ်ဆိုင်ရာ အကြောင်းအရာများ၊ နိုင်ငံတော်အစိုး၏ တိုင်းကျိုးပြည်ပြုလုပ်ငန်းဆောင်ရွက်မှုများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာ အကြောင်းအရာများကို လစဉ်ပုံမှန်ပြောင်းလဲ ပြသပေးလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)