ပွင့်ဖြူ မေ ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီ၌ အရည်အသွေးမြင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)မှ ဦးဆောင်ပြီး စိုက်ပျိုးရေးကုမ္ပဏီများနှင့် ဒေသခံတောင်သူများ ပူးပေါင်းကာ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ရေသွင်းနှမ်းများ စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
"ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း အရည်အသွေးမြင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့ ရည်ရွယ်ပြီးတော့ ကန်ထရိုက်လယ်ယာစနစ်နဲ့ ရေသွင်းနှမ်းများ စိုက်ပျိုးဆောင်ရွက်လျက်ရှိပါတယ်။ ကန်ထရိုက်လယ်ယာစနစ်နဲ့ ရေသွင်းနှမ်းစိုက်ပျိုးမှုအနေနဲ့ နန်းထက်မြန်မာစိုက်ပျိုးရေးကုမ္ပဏီနဲ့ နှမ်းစိုက်ဧက ၃၀၀ ၊ Green Growth Generation (GGG) ကုမ္ပဏီနဲ့ နှမ်းစိုက်ဧက ၉၀၀ စိုက်ပျိုးဆောင်ရွက်ထားပါတယ်။ ကန်ထရိုက်လယ်ယာစနစ်နဲ့ ရေသွင်းနှမ်းစိုက်ပျိုးတဲ့ တောင်သူတွေကို စိုက်ပျိုးစရိတ် ၊ မြေဩဇာနဲ့ စိုက်ပျိုးရေးသွင်းအားစုတွေကို ထောက်ပံ့ပေးထားပါတယ်။ လက်ရှိမှာ တောင်သူတွေက မိမိတို့စိုက်ပျိုးထားတဲ့ ရေသွင်းနှမ်းစိုက်ခင်းတွေကို အရည်အသွေးပြည့်ဝတဲ့ သီးနှံများရရှိစေဖို့၊ အထွက်နှုန်းကောင်းဖို့နဲ့ ပိုးမွှားအန္တရာယ်ကင်းရှင်းစေဖို့ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ မြေဩဇာကျွေးခြင်း၊ ရွက်ဖျန်းအားဆေးများ ပက်ဖျန်းခြင်းစတဲ့ သွင်းအားစုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေကြပါတယ်" ဟု ပွင့်ဖြူမြို့နယ်တောင်သူ အကျိုးဆောင်အသင်း(FFA)ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောပြသည်။
ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း (FFA) က မြို့နယ်အတွင်း သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်စေရေး၊ အရည်အသွေးမြင့် သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ထွက်ရှိလာသော သီးနှံများတွင် ထုတ်လုပ်သူရော စားသုံးသူပါ အစားအစာ ဘေးကင်းလုံခြုံရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရန် မြေဆီလွှာနှင့် သဘာဝပတ်ဝန်း ကျင်ကာကွယ်ထိန်းသိမ်းရေး စသည့် တောင်သူအကျိုးပြုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)