ကြံခင်းမြို့နယ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး လယ်မြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်လျက်ရှိ

ကြံခင်း မေ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါး တစ်ဧက(၁၀) တင်း တိုးထွက်ရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်း ကြဲပက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက  မဲကုန်းအုပ်စုနှင့် ကဇင်းကြီးအုပ်စုရှိ လယ်မြေများတွင် မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများဖြင့် စုပေါင်းကြဲပက်ကြသည်။

ဦးစွာ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ခြင်းကို မဲကုန်းအုပ်စုကွင်းအမှတ် ၃၃၊ ဦးပိုင် ၁၅၆ တောင်သူ ဦးကြည်လှိုင် လယ်မြေ (၂.၅၀)ဧကတွင်လည်းကောင်း၊ ကဇင်းကြီးအုပ်စု ကွင်းအမှတ် (၃၅)၊ ဦးပိုင် ၁၂၃  ကြို့ကြာတန်းကွင်း တောင်သူ ဦးမြင့်သောင်း လယ်မြေ (၂)ဧကတို့တွင် မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစတိုင်းသာနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများက သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပေးကြသည်။

အဆိုပါ သစ်စိမ်း‌မြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်ခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ခြင်း၊ မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်လာခြင်းနှင့် ဓာတ်မြေဩဇာသုံးစွဲမှုကိုလျော့ချနိုင်ကာ သဘာဝ ပတ်ဝန်းကျင်ရှိ မြေဆီလွှာ၊ ရေတို့တွင် ဓာတုအဆိပ်သင့်မှု လျော့နည်းစေ၍ မြေဆီလွှာ၏ ချဉ်ငံဓာတ် ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများစွာရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)