နတ်မောက် မေ ၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် တိုင်းဒေသကြီးအစိုးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဖြန့်ဖြူးပေးသည့် ယူရီယားဓာတ်မြေဩဇာများကို တောင်သူများအား မြို့နယ်အဆင့်ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရေးကော်မတီမှ ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှေ့တွင် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နွားချေး၊ ဆိတ်ချေးများဖြင့် ရောနှောပြီး သဘာဝမြေဩဇာပြုလုပ်နည်းများကို ကျေးရွာအရောက်သွားရောက်၍ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပြီး သစ်စိမ်းမြေဩဇာပြုလုပ်ရန် ပိုက်ဆံလျှော်စိုက်ခင်းစိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ဒေသအတွင်း စိုက်ပျိုးသည့် စပါး၊ ချည်မျှင်ရှည်ဝါ၊ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဓာတ်မြေဩဇာဈေးနှုန်းကြီးမြင့်မှုမှ ကာကွယ်ရန်အတွက် စိုက်ပျိုးရေးတောင်သူများအား မြို့နယ်အဆင့် ဓာတ်မြေဩဇာ ဖြန့်ဖြူးရေးကော်မတီမှ ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေး လျက်ရှိသည်။ အဆိုပါ ယူရီးယားဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မူမူစန်း