ထားဝယ် မေ ၂
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေနံနက်ပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဗိုလ်လုပွဲသို့ တက်ရောက်လာသော အမျိုးသားထားဝယ်မြို့နယ်အသင်းနှင့် သရက်ချောင်းမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားသမားနှင့်အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ သရက်ချောင်းမြို့နယ်အသင်းက အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ပွဲစဉ်တစ်လျှောက် ပါဝင်ကူညီဆောင်ရွက်ပေးသောကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က အမျိုးသားအကောင်းဆုံး အားကစားဆုရရှိသည့် သရက်ချောင်းမြို့နယ်မှ မောင်မင်းမြတ်လွင်အားလည်းကောင်း တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က အမျိုးသမီးအကောင်းဆုံးအားကစား ဆုရရှိသည့် ထားဝယ်မြို့နယ်မှ မနော်ကွဲကညာမူး အားလည်းကောင်း၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က အမျိုးသားဒုတိယဆုရရှိသောထားဝယ်မြို့နယ်အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက အမျိုးသမီးဒုတိယဆုရရှိသော သရက်ချောင်းမြို့နယ် အသင်းအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆု ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မင်းမင်းလတ်က အမျိုးသားပထမဆုရရှိသော သရက်ချောင်းမြို့နယ်အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်ပိုက်ပိုက်အေးက အမျိုးသမီးပထမဆုရရှိသော ထားဝယ်မြို့နယ် အသင်းအားလည်းကောင်း၊ တစ်ဦးချင်းဆုနှင့်ငွေသားဆုပေးအပ်ချီးမြှင့် ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပထမဆုရရှိသည့် အမျိုးသားသရက်ချောင်းအသင်းနှင့် အမျိုးသမီးထားဝယ်မြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ကျော်ကျော်လတ်