ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နွေရာသီဘင်ခရာ သင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်

ဟားခါး မေ ၂

နွေရာသီဘင်ခရာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဘင်ခရာသင်တန်း သား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ယင်းအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဘင်ခရာသင်တန်းကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စည်းကမ်းတကျ နေထိုင်တတ်စေရန်၊ အများအကျိုးကို ဆောင်ရွက်တတ်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အဖွဲ့လိုက်၊ ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ရရှိစေရန်နှင့် ရပ်ကျိုးရွာကျိုးများ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ် ကြောင်း၊ ဂီတသည် လူငယ်များ၏စိတ်ကို ထိန်းချုပ်သည့်ဟု သိရှိရပါကြောင်း ၊ Music is the art of power ဟု ခေါ်ဆိုထားပါကြောင်း ၊ ဂီတအသံ ၊ သံစဉ်များသည် လူငယ်တို့၏ စိတ်ခံစားမှုကိုပြောင်းလဲစေနိုင်ပါကြောင်း ၊ မည်သည့်ပညာမဆို လွယ်လွယ်ကူကူနှင့် မတတ်မြောက်နိုင်ကြောင်း၊ အချိန်ပေး၊ ကြိုးစားသင်ယူရမြဲဖြစ်ကြောင်း၊ ဘင်ခရာသင်တန်းတစ်လကာလအတွင်း မောင်တို့မယ်တို့ အပင်ပန်းခံသင်ယူလေ့ကျင့်ခဲ့သမျှ အစွမ်းအစများကို ယနေ့မြင်တွေ့ရပြီဖြစ်ကြောင်း၊ နောင်တွင် ဆက်လက်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် ချင်းပြည်နယ်မြို့နယ်ပညာရေးမှူး ဦးဘီကူးဒူက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က သင်တန်းနည်းပြဆရာ/မများကိုလည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးက သင်တန်းဆင်းလက်မှတ်ကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများက ဘင်ခရာတီးဝိုင်းဖြင့် ဖျော်ဖြေကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)