မကွေး မေ ၁
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီး ဘောလုံးအဖွဲချုပ်မှ ဦးစီးကျင်းပပြုလုပ်သည့် Magway City Cup ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းနားကို ယမန်နေ့ညနေပိုင်းက မကွေးမြို့၊ တိုင်းဒေသကြီးပြည်သူအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများနှင့် လူငယ်မောင်မယ်များ၊ ဖိတ်ကြားထားသော အားကစားဝါသနာရှင်များ၊ နည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် Magway City Cup အမျိုးသား အလွတ်တန်းဖိတ်ခါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် Squad-X FC နှင့် UYN-FC အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကာ၊ UYN FC အသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပရာ Magway City Cup အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် ဒိုင်လူကြီးများအား Magway City Cup ဘောလုံးအဖွဲချုပ်တာဝန်ရှိသူမှ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး၊ ပွဲစဉ်တစ်လျှောက် ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း အကောင်းဆုံးကစားသမားဆု ရရှိသူများ၊ အကောင်းဆုံးဂိုးသမားဆု ရရှိသူနှင့် ဒုတိယဆုရရှိသာ Squad X FC အသင်းတို့ကို ဆုကလပ်နှင့် ငွေသားဆုများအား တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးအပ်ကာ၊ အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော UYN FC အသင်းအား ဆုဆွဲပြား၊ ဆုဖလားနှင့် ငွေသားဆု ကျပ်သိန်း(၃၀)တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Magway City Cup အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို မြန်မာ့ဘောလုံးအားကစား ကျယ်ပြန့်စွာတိုးတက်မြင့်မားရေးအတွက် အထောက်အကူပြုစေရေး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြိုနယ်များမှ ဘောလုံးအားကစားသမားများအချင်းချင်း သွေးစည်းညီညွတ်မှုစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်သွေးသစ် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေး၊ လူငယ်လူရွယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး မိမိတို့ပတ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့်ကစားရာမှ တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ တိုင်းဒေသကြီးအတွင်းရှိ မြိုနယ်အသီးသီးမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကာ မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၃၀)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ