စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆိုင်းဘုတ်တင်ပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် မုံရွာမြို့၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ မေ ၁

(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဦးတို့က (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆိုင်းဘုတ်အား ဖဲကြိုဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အဆိုပါဆိုင်းဘုတ်ရှေ့တွင် တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ အကျယ်မြေ ဧက ၃၀ တွင် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများ အားလပ်ရက်များတွင် အပန်းဖြေအနားယူနေနိုင်ရန်အတွက် မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်နေသည့် ပြည်သူ့ဥယျာဉ်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ပြည်သူ့ဥယျာဉ်မျက်နှာစာနှင့် ရင်ပြင်အတွင်း နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း၊ အုတ်စီရေမြောင်း ပြုလုပ်ပြီးစီးခြင်းလုပ်ငန်း၊ အခြေခံအလွှာပြုပြင်ပြီးစီးခြင်းလုပ်ငန်းနှင့် မုခ်ဦးတည်ဆောက်ပြီးစီးမှုလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ဆောင်ရွက်သည့်လုပ်ငန်းများအပေါ် စေတနာထားကာ ဆောင်ရွက်ကြရန်တို့အားမှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါပြည်သူ့ရင်ပြင်အတွင်း ပန်းအလှပင်များစိုက်ပျိုးနေမှု၊ ရင်ပြင်အတွင်း နိုင်လွန်ကတ္တရာခင်းကျင်းနေမှု၊ အများသုံးသန့်စင်ခန်းနှင့် ရုံးအဆောက်အဦများ တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့ပြနှင့်အိမ်ရာဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာအတွင်း နေထိုင်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းနှင့် မိသားစုများ ဈေးဝယ်ယူရာတွင် လွယ်ကူစွာဝယ်ယူနိုင်ရေးနှင့် မိသားစုများ၏ အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေစေရေးအတွက် ရည်ရွယ်ကာ ဈေးဆိုင်အခန်းပေါင်း ၄၀ ခန်းပါဝင်သည့် အလျား - ၆၀ ပေ၊ အနံ - ၄၀ ပေ တည်ဆောက်ပြီးစီးမှုနှင့် ဈေးရောင်းချနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးရောင်းချနေသူများနှင့် ဈေးလာရောက်ဝယ်သူများအား ရောင်းဝယ်ရေးအခြေအနေများအား မေးမြန်းကာ အိမ်ရာအတွင်းရှိ နန္ဒဝန်အားမာန် ဖူဆယ်အားကစားကွင်း တည်ဆောက်ပြီးစီးမှုနှင့် မြတ်စေတနာအလင်းရောင် စာကြည့်တိုက်အတွင်း သုတ/ရသစာအုပ်စာစောင်များ စနစ်တကျထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စာရင်းစစ်ဦးစီးဌာရုံးရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ GRF ငွေလုံးငွေရင်းအသုံးစရိတ်မှ တည်ဆောက်ခဲ့သည့် စားဖိုဆောင်အဆောက်အဦ တည်ဆောက်ပြီးစီးမှုနှင့် ဝန်ထမ်းအိမ်ရာများ ကြံ့ခိုင်မှုရှိစေရေးတို့အားလည်းကောင်း၊  တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် အဆောက်အဦများ ကြံ့ခိုင်မှုရှိစေရေးတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)