တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားသို့ တက်ရောက်

ထားဝယ် မေ ၁

မေလ ၁ ရက်နေ့ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးမြတ်ကိုက ဖတ်ကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ (ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် ကျွန်းစု) မြို့နယ် ကုန်တင်ကုန်ချကော်မတီရုံးများမှ မှတ်ပုံတင်ဝင် ကုန်တင်ကုန်ချအလုပ်သမား(၁၂၉)ဦးအား တစ်ဦးလျှင် ဆန် ၁၂ ပြည်နှင့် ဆီ(၁) လီတာနှုန်းဖြင့် ချီးမြှင့်ငွေ ၁၁၀၈၀၀၀၀ (တစ်ရာ့တစ်ဆယ်သိန်း ရှစ်သောင်း) ကျပ် အားပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက အလုပ်သမားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် အဖွဲ့တို့၏ အလုပ်သမားရေးရာလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ အလုပ်သမားရေးရာဥပဒေစာအုပ်များနှင့် လက်ကမ်းစာစောင်များ၊ စာအုပ်စာတမ်းများ ပြသထားမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် စီးပွားရေးကဏ္ဍ၌ပါဝင်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိရာ ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့တွင် ခင်းကျင်းပြသထားသည့် တိုင်းဒေသကြီးအတွင်းမှ ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများ၊ ဒေသထွက်ကုန်နှင့် ဒေသထွက်စားသောက်ကုန်များ၊ MSME ထုတ်ကုန်ပစ္စည်းအရောင်းပြခန်းတွင် လုပ်ငန်းရှင်များမှ ထုတ်လုပ်သော ဒေသထုတ်ကုန်ပစ္စည်းများ စုစုပေါင်းအရောင်းပြခန်း(၁၈)ခန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)