မကွေး မေ ၁
မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၅) အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ခရီးစဉ်ဒေသ Tourist Site ဖြစ်စေရေး၊ ဝင်ငွေရရှိရေးတို့ကို ဆောင်ရွက်နိုင်ရန်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးတာဝန်များကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန် ၂၀၂၅ ခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ များမကြာမီ (၂၈.၃.၂၀၂၅)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားရစ်(ခ်)တာစကေး (၇.၇)အဆင့် မန္တလေးငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံရဲ့အဓိကခရီးစဉ်များဖြစ်တဲ့ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ အင်းလေးတို့ရှိ ခရီးစဉ်ဒေသအခြေခံအဆောက်အဦများနှင့်ယဉ်ကျေးမှုအမွေအနှစ်အချို့ ထိခိုက်ပျက်စီးမှုများအတွက် လွန်စွာမှစိတ်မကောင်းဖွယ် ကြားသိခဲ့ရပါကြောင်း၊ မိမိတို့ မကွေးတိုင်းအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားအရင်းအမြစ်များ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှု မရှိခဲ့တာတွေ့ရှိရကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းမှလည်း ငလျင်ဘေးဒဏ်ခံရသော ဒေသများအတွက် အလှူငွေများ၊ သွေးရည်အိတ်များ ပေးပို့လှူဒါန်းခဲ့ပြီး သဘာဝဘေးအရေးပေါ်တုံ့ပြန်ရေးအဖွဲ့များအား စေလွှတ်ပေးခဲ့ကြောင်း၊ ငလျင်လှုပ်ခတ်မှုကြောင့် ပြည်တွင်းပြည်ပခရီးသွားလာမှုကို အနည်းငယ်အကျိုးသက်ရောက်မှုရှိသော်လည်း သင်္ကြန်ကာလရုံးပိတ်ရက်များမှာ မိမိနေရပ်ဇာတိသို့ပြန်ကြသည့် ခရီးသွားများနှင့် ဘာသာရေးခရီးစဉ် Religious Tour များ ပိုမိုသွားရောက်တာကိုလည်း မြင်တွေ့ရကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် ခရီးသွားဝင်ရောက်တည်းခိုနေထိုင်မှုနှင့် ပတ်သက်၍ ၂၀၂၅ခုနှစ် ဇန်နဝါရီလမှ ယခုထိ ဧည့်သည်တည်းခိုမှု ပြည်တွင်း (၃၃၈၃၅)ဦး၊ ပြည်ပ (၄၃၆)ဦး ရှိခဲ့၍ ဝင်ငွေ (၅၆၀)သန်းရရှိခဲ့ကြောင်း၊ ယခင် ၂၀၂၄ ခုနှစ် အလားတူကာလဧည့်သည်တည်းခိုမှု ပြည်တွင်း (၂၇၉၃၃)ဦး၊ ပြည်ပ (၅၄၉)ဦးရှိခဲ့၍ ဝင်ငွေ (၄၈၀)သန်းနှင့် နှိုင်းယှဉ်ပါက (၁၄%)တိုးတက်လာကြောင်း၊ ခရီးစဉ်ဒေသများဖြစ်တဲ့ မြသလွန်၊ မူလမြသလွန်၊ စက္ကိန်းတဲ၊ နဂါးပွက်တောင်၊ ဗိဿနိုး၊ မင်းလှခံတပ်၊ ကွေ့ချောင်းခံတပ် စလေရုပ်စုံကျောင်း၊ ဗိုလ်ချုပ်နေအိမ်ပြတိုက်၊ ဆင်စခန်းနှင့် ပခုက္ကူရှိ အထင်ကရဘုရားတို့ကို လာရောက်မှုအနေဖြင့်ဧည့်သည်(၂၈၇၇၉၀)ဦး ဝင်ရောက်ခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ်ဆောင်ရွက်မှုမှာ မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ်များကိုလည်း ကြိုတင်စီမံခန့်ခွဲတုန့်ပြန်နိုင်ခြင်းနှင့် ခရီးသွားဧည့်သည်များ၏ လုံခြုံရေးအတွက် အစီအစဉ်များ ဆက်သွယ်ဆောင်ရွက်မှုနည်းလမ်းများနှင့် အားလုံးပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်းစဉ်ဖြစ်စေရန် ကြိုတင်စီမံထားဖို့ အလေးထားမှာကြားလိုပါကြောင်း၊ မကွေးတိုင်းဒေသကြီးဟာ စိုက်ပျိုးရေးဖြစ်ထွန်းတဲ့ ဒေသဖြစ်တဲ့အတွက် Agricultural tourism ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားစေလိုပါကြောင်း၊ မိမိတို့ဒေသဟာ ဖန်ခါးမြေဟု လူသိများသောကြောင့် ဖန်ခါးပင်များ စိုက်ပျိုးမှုနှင့် ဒေသထုတ်ကုန်များကိုလည်း အရည်အသွေး ပြည့်မှီကောင်းမွန်အောင် မြှင့်တင်ထုတ်လုပ်ရမှာဖြစ်တဲ့အတွက် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရီးသွားဧည့်သည်များ မိမိတို့ဒေသသို့ လာရောက်ရာတွင် ဒေသရဲ့စိုက်ပျိုးရေးလုပ်ငန်းများလေ့လာနိုင်ခြင်း၊ သဘာဝရှုခင်းများနှင့် အိပ်စက်အနားယူနိုင်ခြင်း၊ ဒေသထွက်သီးနှံအစားအသောက်များကို လတ်လတ်ဆတ်ဆတ် ဆွတ်ခူးစားသောက်နိုင်၍ အခြားလေ့လာရေး လှုပ်ရှားမှုများကို ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်းနှင့် ယခုလို ခရီးစဉ်သစ်များကို ဖန်တီးရာမှာ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်အားလုံးရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးသွားရမှာဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ခရီးသွားအခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရေး၊ မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသအသီးသီးသို့ ဧည့်သည်အများအပြား ဝင်ရောက်မှုရှိစေရေး၊ ခရီးသွားများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးတို့ကို ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ၏လမ်းညွှန်မှု၊ ကော်မတီဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ၂၀၂၅ ခုနှစ်မှာ မိမိတို့တိုင်းဒေသကြီးအတွင်း ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆက်လက်ကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်ပြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက (၁/၂၀၂၅)ကြိမ်မြောက် မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များ၊ မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ကျင်းပနိုင်ရေးကိစ္စရပ်များ၊ ဟိုတယ်လုပ်ငန်းလိုင်စင် အသစ်လျှောက်ထားမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အဖွဲ့ဝင်များမှ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်ညီညာ